ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၄ ရက်
စစ်ကော်မရှင် နှင့် ၎င်းတို့ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား ဝေဖန်သူများကို စစ်အုပ်စု ထောက်ခံသူများ၏ တိုင်ကြားချက်များအပြင် လူပုဂ္ဂိုလ်များ စိစစ်စောင့်ကြည့်ရေးစနစ် (PSMS) အသုံးပြု၍ ဖမ်းဆီးမှုများ ယခုရက်ပိုင်းအတွင်း များပြားလာကြောင်း Myanmar Internet Project (MIP) အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးသစ်ဉာဏ်က ပြောကြားသည်။
ယခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း သတင်းလွတ်လပ်ခွင့် ထိန်းချုပ်မှုများနှင့် အွန်လိုင်းမှ တစ်ဆင့် ပြောဆိုမှုများကို စောင့်ကြည့်ဖမ်းဆီးမှုများ သိသိသာသာ မြင့်တက်လာသည်။
အထူးသဖြင့် စစ်အုပ်စုသည် Person Scrutinization and Monitoring System (PSMS) ကို ကျယ်ပြန့်စွာ အသုံးချကာ VPN အသုံးပြုမှုနှင့် ရွေးကောက်ပွဲကာကွယ်ရေးဆိုင်ရာ ဥပဒေများကို အသုံး ချ၍ ဖမ်းဆီးအရေးယူမှုများ လုပ်ဆောင်လာကြောင်း Myanmar Internet Project ၏ ယမန်နေ့ နိုဝင်ဘာ ၃ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“စစ်အုပ်စုက လူမှုကွန်ရက် (Social Media) ကို စောင့်ကြည့်ပြီး ဖမ်းဆီးတာတွေက ၂၀၂၁ ဖေဖော် ဝါရီကတည်းက ရှိပါတယ်။ အခုတော့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ အကြောင်းပြပြီး ထင်ရှားတဲ့ သူတွေ၊ လူသိများတဲ့သူတွေကို ဖမ်းပြတယ်။ အရပ်သားပြည်သူတွေ ကြောက်အောင် အကြောင်းတရား သွင်းတာပဲ”ဟု Myanmar Internet Project အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးသစ်ဉာဏ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်သည် ၎င်းတို့မွေးမြူထားသည့် စစ်အုပ်စုထောက်ခံသူများ၏ သတင်းပေးမှု၊ လူအင်အား၊ နောက်ယောက်ခံစောင့်ကြည့်နည်းပညာနှင့် ရွေးကောက်ပွဲအကြောင်းသတင်းဌာနများ၊ ထင်ရှားသူများ၊ တက်ကြွလှုပ်ရှားသူများ၏ လူမှုကွန်ရက်စာမျက်နှာအောက်ရှိ ကွန်မန့်ရေးသူများကို လိုက်လံကြည့်ရှု၍ ဖမ်းဆီးမှုများ ရှိကြောင်းသိရသည်။
ထို့ပြင်ကွန်မန့်ရေးသူများ၏ လူမှုကွန်ရက်ကိုစောင့်ကြည့်၍ အကောင့်တုများဖြင့်မိတ်ဆွေဖွဲ့ထားကာ အတွင်းကနေစောင့်ကြည့်မှုများကိုလည်း လူအင်အားများစွာဖြင့်ပြုလုပ်ပြီး Facebook ၊ Telegram ၊ Tiktok ၊ Youtube ကဲ့သို့ ချန်နယ်များစွာကိုလည်း စောင့်ကြည့်ဖမ်းဆီးနေကြောင်း သိရသည်။
ယင်းပြင် စစ်ကော်မရှင်သည် အွန်လိုင်း(အင်တာနက်)အသုံးပြု၍ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ပြုလုပ်သူ ၄၇ ဦးကိုလည်း ဖမ်းဆီးကြောင်း မြန်မာအင်တာနက်ပရောဂျက်၏ ၃ လပတ် လေ့လာမှတ်တမ်းပြုစုသောအချက်အလက်များအရသိရသည်။
စစ်ကော်မရှင်သည် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးဝေဖန်ပြောဆိုသူများကို စောင့်ကြည့်ဖမ်းဆီးလျက်ရှိရာ အနုပညာရှင်များအပါအဝင် ဖမ်းဆီးခံရသူ ၉၅ ဦးအထိ ရှိလာပြီဖြစ်ကြောင်း စစ်ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
ဓာတ်ပုံ – alamy