ဆောင်းပါးရှင် – ဆလိုင်းသန့်စင်
ဧရာဝတီတိုင်းမ် (ဧပြီလ ၃၀ ရက်)

နေပြည်တော်မှာကျင်းပတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ ၁၃ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျနော်တို့ ဧရာဝတီတိုင်းမ်သတင်းဌာန အပါအဝင် လွတ်လပ်တဲ့သတင်းဌာန ၇ ခုကို NUG ဘောမ မီဒီယာ၊ အနူကြီးဘောမ မီဒီယာ၊ ပြည်ဖျက်မီဒီယာတွေလို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းအမြင်မှာ လွတ်လပ်တဲ့သတင်းဌာနတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ – NUG ရဲ့ ဆောင်ရွက်မှုတွေကို အစဉ်တစိုက် ဖော်ပြနေတဲ့ အတွက် NUG ဘောမ မီဒီယာတွေလို့ စွပ်စွဲပုံရပါတယ်။

ဒီစွပ်စွဲချက်ကိုတွေ့တော့ သတင်းစာရှင်းလင်းပွဲတွေမှာ ရပ်ကွက်ထဲက အပေါစားလူမိုက်တယောက်လို ထေ့လုံးငေါ့လုံးအောက်လုံးတွေနဲ့ ဗရမ်းဗတာတွေ ပြောပြောနေတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်းအပါအဝင် အာဏာသိမ်း စစ်အုပ်စုတစ်ခုလုံး လွတ်လပ်တဲ့ သတင်းမီဒီယာဆိုတာ ဘာလဲ၊ လွတ်လပ်တဲ့ သတင်းမီဒီယာရဲ့ သဘော သဘာဝကို လုံး၀ နားမလည်ဘူး ဆိုတာ ကျနော်သဘောပေါက်လိုက်ပါတယ်။

ဘယ်နားလည်ပါ့မလဲ။ သူတို့က လက်နက်အားကိုးပြီး ပြည်သူကိုအနိုင်ကျင့်တာပဲလုပ်တတ်တဲ့ စစ်အာဏာရှင်တွေဆိုတော့ ဒီမိုကရေစီစနစ်မှာ မဏ္ဍိုင်တစ်ရပ်အနေနဲ့ပါဝင်နေတဲ့ သတင်းမီဒီယာ စတုတ္ထ မဏ္ဍိုင်ရဲ့သဘောသဘာဝကို နားမလည်တာလည်း အဆန်းတော့ မဟုတ်ပါဘူး။

အာဏာသိမ်း စစ်ကောင်စီအနေနဲ့က သူတို့ဖော်ပြစေချင်သလို သတင်းရေးပေးတဲ့မီဒီယာတွေကမှ တကယ့်မီဒီယာအစစ်။ သူတို့ကို ဆန့်ကျင်ရေးသားနေတဲ့ ကျနော်တို့ ဧရာဝတီတိုင်းမ် သတင်းဌာနအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနအားလုံးက ပြည်ဖျက်မီဒီယာ။ NUG ဘောမ မီဒီယာလို့ သတ်မှတ်ထားပုံရပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ နေ့စဉ်မြင်တွေ့နေရတာက သူတို့စစ်အုပ်စု အလိုကျရေးသားဖော်ပြပေးနေတဲ့ အဘဘောမမီဒီယာတွေကိုပဲ ဖြစ်နေတော့ လွတ်လပ်တဲ့ မီဒီယာတွေကိုလည်း သူတို့အနားက အဘဘောမမီဒီယာတွေနဲ့အတူတူပဲလို့ ထင်မြင်ယူဆနေပုံပါပဲ။

တကယ်တော့ လွတ်လပ်တဲ့မီဒီယာဆိုတာ အမှန်တရားဘက်က ရပ်တည်ပါတယ်။ ပြည်သူလူထုဘက်က ရပ်တည်ပါတယ်။ ပြည်သူ့အကျိုးစီးပွားကို ကလောင်ကိုင်ပြီး ကာကွယ်စောင့်ရှောက်ရပါတယ်။

ဆရာလူထုစိန်ဝင်းစကားနဲ့ ပြောရရင် လွတ်လပ်တဲ့ သတင်းမီဒီယာတွေဟာ တိုင်းပြည်ကို စောင့်ရှောက်ရတဲ့ “ပြည်စောင့်နတ်”တွေ ဖြစ်ပါတယ်။

ဘယ်အစိုးရကမှ သူတို့ကို ဝေဖန်တာ မကြိုက်ပါဘူး။ သူတို့လုပ်သမျှ အကုန်ကောင်းပါ့ဘုရား၊ မှန်ပါ့ဘုရားဆိုတာပဲ ကြားချင်တဲ့သူတွေပါ။ ဒါပေမယ့် လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ တက်လာသမျှ အစိုးရတွေရဲ့ လုပ်ရပ်တွေဟာ ပြည်သူအတွက် ကောင်းရဲ့လား၊ အကျိုးရှိလား။ အစိုးရတွေ တကယ်အလုပ်လုပ်ရဲ့လား၊ ဟန်ဆောင်လိမ်ညာခိုးဖွက်နေသလား စသဖြင့် စောင့်ကြည့်ဝေဖန် ဆန်းစစ်ရပါတယ်။

တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေး စသဖြင့် အရေးပေါင်းစုံက ကောင်းကျိုးဆိုးကျိုးတွေကို ဖော်ထုတ်ရေးသားပြီး အစိုးရတွေကို ပြည်သူ့အကျိုးစီးပွားအတွက် ဝေဖန်ထောက်ပြရပါတယ်။ ဒါက သတင်းမီဒီယာတွေရဲ့ တာဝန်ဖြစ်ပါတယ်။

လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ သမ္မတ ဦးသိန်းစိန်ခေတ်မှာ ပြည်သူဘက်ကရပ်ပြီး ဦးသိန်းစိန်အစိုးရကို ထောက်ပြဝေဖန်ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်မှာလည်း ပြည်သူဘက်ကရပ်ပြီး NLD အစိုးရကို ထောက်ပြဝေဖန်တာတွေ လုပ်ခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းတော့လည်း အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ် အကောင်းအဆိုးကို လွတ်လပ်တဲ့သတင်းမီဒီယာတွေက ယခင်အတိုင်းပဲ ရေးသားဖော်ပြကြပါတယ်။

ဒါပေမယ့် မဟုတ်တာ၊ မမှန်တာ၊ ဥပဒေနဲ့ မညီတာ၊ မတရားတာတွေ အကုန်လုပ်နေတဲ့စစ်တပ်က သူတို့လုပ်သမျှ မကောင်းကြောင်းတွေ ရေးရမလားဆိုပြီး သတင်းတိုက်တွေ ဝင်စီး၊ အယ်ဒီတာတွေ သတင်းထောက်တွေ အကုန်လိုက်ဖမ်းတော့ ကျနော်တို့ ဧရာဝတီတိုင်းမ်သတင်းဌာနအပါအဝင် လွတ်လပ်တဲ့ သတင်းမီဒီယာသမားတွေ အဖမ်းခံရ၊ ထောင်ချခံရ၊ အိုးပစ်အိမ်ပစ်နဲ့ ပြေးရလွှားရပါတော့တယ်။

လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာတွေဟာ ဘယ်လောက်ပဲ ဒုက္ခရောက်နေပါစေ ပြေးရင်းလွှားရင်း၊ ပုန်းရင်းရှောင်ရင်းနဲ့ပဲ စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချ ခြိမ်းခြောက် သတ်ဖြတ်မှု အန္တရာယ်တွေကြားကပဲ လက်ရှိအချိန်အထိ သတင်းတွေ ထုတ်လုပ်တင်ဆက်နေကြဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီညွှန်ကြားသမျှ ခိုင်းစေသမျှကို မနာခံဘဲ ပြည်သူအတွက် ရဲရဲဝံ့ဝံ့သတင်း တင်ဆက်ကြတဲ့ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဒုက္ခပေါင်းစုံရောက်နေချိန်၊ ပြေးလွှားရှောင်ပုန်းနေရချိန်မှာ အဘ”ဘောမ”မီဒီယာများကတော့ မြန်မာပြည်တွင်းမှာ အိုးမကွာ အိမ်မကွာနဲ့ နေထိုင်ပြီး စစ်ကောင်စီရေးအလိုကျသတင်းတွေ ရေးသားဖော်ပြပြီး ပြည်သူလူထုကို သစ္စာဖောက်ခဲ့ကြပါတယ်။

“ပြည်ဖျက် မီဒီယာအစစ်က ဘယ်သူတွေလဲ”

ကျနော်တို့ ဘာဖြစ်လို့ စစ်ကောင်စီ မကောင်းကြောင်း ရေးရသလဲ။ စစ်ကောင်စီဟာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တယ်။ ပြည်သူတွေကို အကြမ်းဖက်တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်တယ်။ ရွာတွေ မီးရှို့တယ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ်။ ဒီလို ပြည်သူလူထုကို ဒုက္ခမျိုးစုံ ပေးတဲ့အတွက် သူတို့ မကောင်းတဲ့အတွက် စစ်ကောင်စီ မကောင်းဘူးလို့ ရေးတာဖြစ်တယ်။

စစ်တပ်ဘောမနေတဲ့ အဘ”ဘောမ”မီဒီယာတွေလို ရေးချင်တာပဲ ရေးတယ်။ မရေးချင်တဲ့အပိုင်း မရေးဘဲ သတင်းအမှောင်ချတယ်။ စစ်သားနဲ့ရဲသေတာပဲရေးပြီး ရွာလုံးကျွတ် မီးရှို့ခံရတာ၊ ပြည်သူတွေ မတရား ဖမ်းဆီးနှိပ်စက်၊ မုဒိန်းကျင့်သတ်ဖြတ်ခံရတာတွေကို မသိချင်ယောင်ဆောင်နေတာမျိုးက သတင်းမီဒီယာ မဟုတ်ပါဘူး။

သတင်းမီဒီယာအစစ်ဆိုရင် ပြည်သူကို ကာကွယ်စောင့်ရှောက်ပြီး ပြည်သူဘက်က ရပ်တည်ရပါတယ်။ အာဏာသိမ်း စစ်တပ်အလိုကျ လိုက်ရေးနေတာ၊ စစ်တပ်ဘောမနေတာ သတင်းမီဒီယာမဟုတ်ဘူးလို့ ဆိုချင်ပါတယ်။မြေပြင် အခြေအနေတွေကို ဖုံးကွယ်ပြီး ပြည်သူကို သတင်းအမှောင်ချကာ အဘတို့ အလိုကျလိုက်ရေးနေတဲ့၊ ဖော်ပြနေတဲ့မီဒီယာတွေကသာလျှင် တိုင်းပြည်ကို အမှန်တကယ် ဖျက်ဆီးနေတဲ့ “ပြည်ဖျက်မီဒီယာအစစ်”လို့ပဲ ပြောချင်ပါတယ်။

ဗိုလ်ချုပ် ဇော်မင်းထွန်းနဲ့ စစ်အုပ်စုတစ်ခုလုံးသိဖို့ပြောချင်တာက
လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ CRPH နဲ့ NUG ကို ဘောမနေစရာ ဘာအကြောင်းမှ မရှိပါဘူး။ ပြည်သူလူထု မဲပေးခဲ့ကြတဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲရလာဒ်အရ ပေါ်ပေါက်လာတဲ့အဖွဲ့အစည်း၊ ပြည်သူတွေ အားကိုထောက်ခံနေတဲ့အဖွဲ့အစည်းမို့ CRPH နဲ့ NUG ရဲ့သတင်းတွေကို ဖော်ပြနေတာဖြစ်ပြီး NUG လုပ်ရပ်က ပြည်သူလူထုကို ဆိုးကျိုးဖြစ်စေမယ်၊ ထိခိုက်လာမယ်ဆိုရင် ဘယ်သူမှ တိုက်တွန်းစရာမလိုဘဲ လွတ်လပ်တဲ့သတင်းမီဒီယာတွေက ထုတ်ဖော်ရေးသားကြမှာ ဖြစ်ပါတယ်။

“ပြည်သူဘက်က မရပ်တည်ရဲရင် သတင်းမီဒီယာ မလုပ်နဲ့”

သတင်းမီဒီယာအလုပ်ဆိုတာ ကိုယ့်ရွေးချယ်မှုပါ။ ဘယ်သူကမှ ရိုက်နှက်ခိုင်းစေနေတာ မဟုတ်ပါဘူး။ သတင်းမီဒီယာသမားအစစ်ဟာ လွတ်လပ်ရပါတယ်။ အမှန်တရားဘက်က ရပ်တည်ရပါတယ်။ ပြည်သူဘက်က ရပ်တည်ရပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာ မပေါ်ပေါက်နိုင်ပါဘူး။ အမှန်တရားကို မရေးနိုင်ချိန်မှာ ဘာမှ မရေးတာ အကောင်းဆုံးဖြစ်ပါတယ်။ အမှန်တဝက် အမှားတဝက်ရေးတာထက်စာရင် ဘာမှ မရေးတာက အကောင်းဆုံး ဖြစ်ပါတယ်။

အမှန်တရားဘက်နဲ့ ပြည်သူဘက်က မရပ်တည်ရဲရင်သတင်းမီဒီယာ မလုပ်ကြနဲ့လို့ပဲ ပြောချင်ပါတယ်။

(ဆလိုင်းသန့်စင်သည် ဧရာဝတီတိုင်းမ်သတင်းဌာန၏ တည်ထောင်သူနှင့် အယ်ဒီတာချုပ် ဖြစ်သည်။)

Leave a Reply

Your email address will not be published. Required fields are marked *