ဆောင်းပါးရှင် – လင်းသန့်
ဧရာဝတီတိုင်းမ် (ဧပြီ ၆ ရက်)

၁။ ယူကရိန်းနိုင်ငံသားတွေက သူတို့ အချုပ်အခြာကိုထိပါး စော်ကား ကျူးကျော်လာတဲ့ ရုရှားစစ်တပ်တွေကို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ရသမျှ၊ ရှိသမျှ စစ်လက်နက်ပစ္စည်းတွေသုံးပြီး အင်အားချင်း အဆမတန်ကွာဟတာကို ဂရုမထားပဲ ကြံ့ကြံ့ခံ တိုက်ခိုက်ကြတယ်။

ဒါဟာ သင်ခန်းစာကောင်း တခုပါ။ အဲဒီမှာ မူလက ဘာမှ ဝင်ပါလို့ မရဘူးလို့ပြောနေကြသူတွေက လူမပါပဲ ပစ္စည်း၊ ငွေအား၊ ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုအားတွေနဲ့ ယူကရိန်းဘက်က ဝင်ပါပြီး အတူ ရပ်တည်နေကြတယ်။

၂။ ရုရှားရဲ့ယူကရိန်းကို ကျူးကျော်မှုဟာ အရှေ့ဥရောပရဲ့ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်တာကို ဥရောပ နိုင်ငံတွေနဲ့ အမေရိကန်ရဲ့အဓိက မဟာမိတ် နေတိုးအဖွဲ့ဝင်တွေက စိုးရိမ်မှု ကြီးခဲ့တယ်။

၃။ ရုရှားရဲ့စစ်အင်အားကို ယူကရိန်းကတဆင့် ခန့်မှန်းခွင့် ရပြီး ကမ္ဘာပေါ်က အာဏာရှင်တွေကို ကျားကန်ပေးနေတဲ့ ပင်မ ဇစ်မြစ်ကို အခုလို ဝိုင်း ဆွမ်းကြီးလောင်းလိုက်ခြင်းနဲ့ ကမ္ဘာပေါ်က အာဏာရှင်တွေကို တပါတည်း အဆုံး သတ်ဖို့လမ်းဖောက်လိုက်တာလည်းဖြစ်တယ်။

၄။ နောက်တခုက ယူကရိန်းစစ်မြေပြင်ဟာ အနောက်နို်င်ငံက ဂိုဒေါင်ထဲ ထည့်ထားရတဲ့ စစ်လက်နက်ပစ္စည်းတွေကို အသုံးချတာနဲ့ တခြား စစ်လက်နက် အသစ်အဆန်းတွေကို စမ်းသပ်ရာလည်း ဖြစ်နေတယ်။

၅။ အမေရိကန်၊ နေတိုး၊ ဥရောပ သမဂ္ဂတို့နဲ့ ဒီမိုကရေစီ နိုင်ငံတွေအနေနဲ့ ကမ္ဘာပေါ်က ဒီမိုကရေစီကို ခြိမ်းခြောက်နေတဲ့ အဓိက ပျားပိတုန်းကို အပြတ်ရှင်းခြင်းဖြင့် ကမ္ဘာပေါ်မှာ ဒီမိုကရေစီကို ပိုပြီး ကျယ်ပြန့်လာစေဖို့ တံခါးကြီး ပွင့်လာပြီလို့ နားလည်နေကြတာပဲ။

ယူကရိန်းဟာ ဥရောပ သမဂ္ဂအဖွဲ့ဝင် မဖြစ်သေးသလို နေတိုး အဖွဲ့ဝင်လည်း မဖြစ်သေးတဲ့ နိုင်ငံဆိုတာ သတိထားမိကြရင် ဒီအခင်းအကျင်းကို ပိုဆဝါး မိကြမယ်ထင်တယ်။
မြန်မာ့ အိမ်နီးချင်းနဲ့ ယူကရိန်း အိမ်နီးချင်းတွေရဲ့ကွာဟချက်က အတော် သိသာလွန်းတယ်ပြောရမယ်။ ဒါပေမယ့် မြန်မာနွေဦးတော်လှန်ရေးက တနှစ်ကျော်ထိ ပြည်ပ အကူအညီမရပဲ ကြံ့ကြံ့ခံ အံတု ခုခံတော်လှန်တွန်းလှန်နေတာဟာ ကိုယ့်ကိုယ်ကို အားကိုးစိတ် အခြေခံကောင်းကြောင့် ဖြစ်တယ်။

ဒါဟာ အများစုကြီးရဲ့ တော်လှန်ရေးအပေါ်ရှိနေတဲ့ စိတ်၊ ကျန်လူတွေလည်း ဒီတော်လှန်ရေးမှာ အားဖြည့်လိုက်မယ်ဆိုရင်….. များများ ပါဝင် များများ အားစိုက်လိုက်ရင် မြန်မြန် အရေးတော်ပုံအောင်မြင်မှာ သေချာ မုချဖြစ်ပါတယ်။

ဓာတ်ပုံ – Getty Images
(ဆောင်းပါးရှင် လင်းသန့်သည် အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ချက်သမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဖြစ်သည်။)