
ဆောင်းပါးရှင် – နေဝန်းနီ
ဧပြီ ၆ ရက်
ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီက စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို တရုတ်နိုင်ငံကို တရားဝင် ဖိတ်ခေါ်ပြီးတော့ တရုတ်အနေနဲ့ မြန်မာ့အရေးမှာ အာဏာသိမ်း စစ်တပ်ကိုသာ ဆက်လက်ထောက်ခံပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုလုပ်ဆောင်သွားမယ်ဆိုတဲ့ တရုတ်နိုင်ငံရဲ့ သဘောထားတွေကို နိုင်ငံတကာကို အတိအလင်းထုတ်ဖော်ပြသလိုက်ပါတယ်။
တရုတ်အစိုးရ ဆိုလိုချင်တဲ့သဘောထားက မြန်မာ့နိုင်ငံရေးမှာ သူတို့ရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အထိ အရေးပါနေသလဲဆိုတာကို ပြသရာရောက်တဲ့အပြင် မြန်မာပြည်မြေပုံပေါ်မှာ ကန့်လန့်ဖြတ်လမ်းဖောက်ပြီးတော့ အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည်ကို ပိုင်းဖြတ်လိုက်မယ့် ကျောက်ဖြူ – ကူမင်း စီမံကိန်းကိုလည်း အာဏာသိမ်း စစ်တပ်ဆီလက်ထက်မှာ အပြီးလုပ် အရယူတော့မယ်ဆိုတဲ့ သဘောမျိုးတွေကို သံတမန်နည်းနဲ့ လှစ်ဟဖော်ပြလိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့အထိ သွယ်တန်းထားတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ ပိုက်လိုင်းစီမံကိန်းတလျှောက်မှာ ကားလမ်းနဲ့ ရထားလမ်းပါ ဖောက်လုပ်မယ့် ဒီစီမံကိန်းကို တရုတ်တို့က အမေရိကန်ဒေါ်လာ ဘီလီယံ ဆယ်နှင့်ချီ၍ အကုန်အကျခံ တည်ဆောက်ဖို့ ပြင်ဆင်ထားပြီး တရုတ်တို့ နှစ်ရှည်လများ မျှော်လင့်ထားတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်က တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ကြား MOU ရေးထိုးခဲ့ပေမယ့် တရုတ်ဘက်က သတ်မှတ် အချိန်အတွင်း စီမံကိန်းအကောင်အထည်မဖော်နိုင်တဲ့အတွက် ၂၀၁၄ ခုနှစ်မှာ ဒီစီမံကိန်း ပျက်ပြယ်ကြောင်း သမ္မတ ဦးသိန်းစိန်အစိုးရက ကြေညာခဲ့ပါတယ်။ ဒါပေမယ့် တရုတ်အစိုးရဘက်က လက်လျှော့ခြင်းမရှိဘဲ သူတို့ နိုင်ငံအတွက် အကျိုးအမြတ်များစွာရမယ့် ဒီစီမံကိန်းကို ပြန်လည်အကောင်အထည်ဖော်ဖို့ အပြင်းအထန် ကြိုးပမ်းနေတာလည်း ဖြစ်ပါတယ်။
လက်ရှိ တရုတ်အစိုးရ ဖော်ဆောင်နေတဲ့ အခင်းအကျင်းအရဆိုရင် လက်နက်အားကိုးနဲ့ ပြည်သူလူထုကို အနိုင်ကျင့် ဗိုလ်ကျနှိပ်စက်နေတဲ့ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ အမိန့်အာဏာနဲ့ ဒီစီမံကိန်းကို အတင်းအကြပ် ပြန်လည်အကောင်အထည်ဖော်လို့ ရနိုင်တယ်လို့ တွက်ဆထားပုံရပါတယ်။
၁၉၆၂ ခုနှစ် အာဏာသိမ်း စစ်ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းခေတ်၊ ၁၉၈၈ ခုနှစ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်နဲ့ အခုလက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ခေတ် အဆက်ဆက်မှာ တရုတ်နိုင်ငံအနေနဲ့ အကျိုးအမြတ်နဲ့ ဒွန်တွဲပြီးတော့ အိမ်နီးချင်းပေါက်ဖော်ဆိုတဲ့ စကားလုံးတလုံးထဲနဲ့ စီးပွားရေးအရ၊ ပထဝီနိုင်ငံရေးအရ မြန်မာပြည်ကို အရပ်စကားနဲ့ပြောရရင် ဂုတ်သွေးစုပ်နေဆဲ ဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ မြန်မာအပေါ်မှာ အကူအညီတွေ ပေးအပ်တယ်ဆိုတဲ့ ကဏ္ဍတခုထဲတင် ပြန်ကြည့်မယ်ဆိုရင် စစ်တပ်နဲ့ အရမ်းနီးကပ်ခဲ့ပြီးတော့ စီမံကိန်းတခုခု အကောင်အထည်ဖော်တဲ့အပိုင်းမှာတောင်မှ အချက် ၄ ချက်ကို မူတည်ပြီး တည်ဆောက်ခဲ့တာ အစဉ်အလာတစ်ခုလိုပါပဲ။
စီမံကိန်းတခုကို အကောင်အထည်ဖော်မယ်ဆိုရင် ပထမဦးစွာ တရုတ်ဘဏ်တွေဆီက ငွေထုတ်ချေးတယ်။ အဲ့ဒီအတွက် တရုတ်ဘဏ်တွေ အတိုးရတယ်။ အဲ့ဒီငွေတွေနဲ့ပဲ သူတို့နိုင်ငံတွင်းက စီမံကိန်းမှာ အသုံးပြုမယ့် စက်ပစ္စည်းအပါအဝင် လုပ်ငန်းသုံးဆိုင်ရာပစ္စည်းတွေကို အသစ်၊ တပတ်ရစ် စတဲ့နည်းမျိုးစုံနဲ့ ရောင်းချကာ စီမံကိန်းပစ္စည်းဈေးကွက် ဖန်တီးတယ်။
အဲ့ဒီပစ္စည်းတွေ တပ်ဆင်ရေးကအစ စက်တွေကို ကိုင်တွယ်အသုံးပြုမယ့် ပညာရှင်၊ အလုပ်သမားတွေကို တရုတ်လူမျိုးတွေနဲ့ မြန်မာ့လုပ်သားဈေးကွက်ထဲကို သွင်းလာတယ်။ ဆိုလိုချင်တာက တရုတ်ပြည်က လုပ်သားတွေကို မြန်မာ့လုပ်သားဈေးကွက်ထဲမှာ အလုပ်ရှာပေးတယ်။
နောက်ဆုံးတချက်က တရုတ်ပြည်က သဘာဝသယံဇာတတွေကို ထုတ်ယူ သုံးစွဲတာထက် မြန်မာပြည်ထဲက သဘာဝသယံဇာတတွေကို နည်းမျိုးစုံနဲ့ ထုတ်ယူသုံးစွဲနိုင်တာမို့ တရုတ်နိုင်ငံတွင်း သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကို လျော့ကျစေတယ်။ ဒီအချက်တွေဟာ မြန်မာနိုင်ငံတွင်းမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံတဲ့ လုပ်ငန်းစုတွေအကုန်လုံးနီးပါးကို ပြန်ဆန်းစစ်လိုက်ရင် ထင်သာမြင်သာတွေ့နိုင်တဲ့ အချက်တွေပါပဲ။
မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုဟာ စုစုပေါင်း ကန်ဒေါ်လာ ၅၅ ဘီလီယံရှိပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ ဒုတိယနေရာမှာ ရှိနေပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုဟာ ပမာဏအားဖြင့် များပြားတယ်လို့ မဆိုနိုင်ပေမယ့် မြန်မာနိုင်ငံရဲ့ ပထဝီအနေအထားအရ အရေးပါမှုနဲ့ သူတို့ အကြီးအကျယ် မျှော်လင့်ထားတဲ့ ကမ္ဘာပတ်ဖောက်မယ့် ပိုးလမ်းမ (BRI Project) စီမံကိန်းမှာ မြန်မာနိုင်ငံဟာ အရေးပါတဲ့နေရာမှာ တည်ရှိနေပါတယ်။
ဒါကြောင့်လည်း တရုတ်နဂါးကြီးဟာ သူ့ခံတွင်းထဲရောက်နေတဲ့ မြန်မာနိုင်ငံကို အလွတ်မခံဘဲ ပြည်တွင်းမှာ အာဏာကို အကြမ်းဖက်မှုနည်းမျိုးစုံနဲ့ ဆုပ်ကိုင်ထားတဲ့ စစ်ကောင်စီဘက်က ရပ်တည်ကြောင်း တရားဝင် ထုတ်ဖော်ပြသလာတာ ဖြစ်ပါတယ်။
အခုလို နိုင်ငံတွင်း စစ်တပ်အာဏာသိမ်းမှုကို ပြည်သူလူထုက နည်းမျိုးစုံနဲ့ ဆန့်ကျင်တော်လှန်နေတဲ့အချိန်မှာ တရုတ်အစိုးရရဲ့ အခုလို အာဏာသိမ်းစစ်တပ်ဘက်ကို ရပ်တည်လိုက်တဲ့သဘောက မြန်မာပြည်တွင်းက တရုတ်နိုင်ငံရဲ့ စီးပွားရေးတွေ၊ စီမံကိန်းတွေအပေါ်မှာ အန္တရယ်ဆိုးတွေကို ဖိတ်ခေါ်သလို ဖြစ်နေတဲ့အပြင် မြန်မာပြည်သူတွေရဲ့ တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်တွေ တိုးလာဖို့ မီးလောင်ရာ လေပင့်ပေးသလို ဖြစ်စေတာ အမှန်ပါပဲ။
စစ်တပ်အာဏာစသိမ်းတုန်းက ရန်ကုန်မြို့က တရုတ်စက်ရုံတချို့တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ အခုလို မြန်မာအာဏာသိမ်း စစ်တပ်အတွက် ရန်သူပတ်လည်ဝိုင်းနေတဲ့ကာလမှာ မြန်မာစစ်တပ်ဟာ ပြည်တွင်းထဲက တရုတ်စီမံကိန်းတွေနဲ့ မြန်မာပြည်ထဲမှာ လာအလုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို ဘယ်လောက်အထိ အာမခံနိုင်မလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။
တရုတ်နိုင်ငံဟာ သူ့အကျိုးအမြတ်တခုထဲကိုသာ ကြည့်တတ်သူပီပီ မြန်မာပြည်တွင်းက သူတို့ အကျိုးစီးပွားတွေကို စစ်ကောင်စီက အကာအကွယ်မပေးနိုင်တဲ့အခြေအနေဖြစ်လာရင် အာဏာသိမ်း စစ်တပ်ဘက်မှာ ရေရှည်ရပ်တည်ပေးပါ့မလားဆိုတဲ့မေးခွန်းကလည်း မြန်မာ့နိုင်ငံရေးမှာ စိတ်ဝင်စားဖွယ် တည်ရှိနေပါတယ်။
တဖက်မှာလည်း စစ်တပ်ဟာ တိုင်းပြည်အာဏာဆုပ်ကိုင်နိုင်ဖို့အတွက် ရှိသမျှ စစ်သားတွေကို ထုတ်သုံးပြီးတော့ လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် – PDF တွေ၊ မြို့ပြပျောက်ကြားတပ်တွေကို တိုက်ခိုက်နေရပါတယ်။
ယခင်ကတည်းက ရှိရင်းစွဲ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကိုလည်း စစ်မျက်နှာလှည့်ထားပြီး ရုတ်သိမ်းလို့မရတဲ့ အခြေအနေကြားမှာ ဗျာများနေတဲ့အထဲ တရုတ်နိုင်ငံရဲ့အကျိုးစီးပွားတွေ၊ စီမံကိန်းတွေကို ထိပါးဖျက်ဆီးမှုတွေ ပေါ်ပေါက်လာမယ်ဆိုရင် အာဏာသိမ်း စစ်တပ်အတွက်တော့ “မြွေပူရာ ကင်းမှောက်”ဆိုသလို ရှိတဲ့အင်အားတွေကို ထပ်ပြီးညှစ်သုံးကာ တရုတ်အကျိုးစီးပွားတွေ ကာကွယ်ရမယ့်တာဝန်တစ်ခု ထပ်ဆောင်းအပို လုပ်ကိုင်ရမယ့်အခြေအနေတွေ ဖြစ်လာမှာပါ။
အဲ့ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေက အချက်ကျကျ ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။ လက်နက်ကိုင်တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း တဖက်မှာ စစ်တပ်ကို တော်လှန်နေတဲ့နည်းတူ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေအပေါ် မျက်စောင်းထိုး လိုက်မယ်ဆိုရင် စစ်တပ်ဟာ ပိုအခက်တွေ့ အကြပ်ရိုက်မယ့်အနေအထားကို ရောက်ရှိသွားမှာတော့ ကျိန်းသေပါပဲ။
စစ်တပ်အာဏာသိမ်းလိုက်တဲ့ ၁ နှစ်ကျော်ကာလအတွင်း မြန်မာပြည်သူတွေဟာ စီးပွားရေး ချွတ်ခြုံကျနေပေမယ့် ကြံ့ကြံ့ခံကာ တော်လှန်တဲ့ဘက်မှာ(ဓမ္မဘက်) ပြတ်ပြတ်သားသား ရပ်တည်နေတာကို တရုတ်နိုင်ငံအနေနဲ့ မျက်ဝါးထင်ထင် မြင်တွေ့နေတဲ့ကြားက ကိုယ်ကျိုးစီးပွားကို အဓိကထားပြီး “ဘယ်သူသေသေ၊ ငတေမာပြီးရော”စိတ်ထားနဲ့ မြန်မာပြည်သူလူထုကို ကျောခိုင်းပြီး ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ရပ်တည်ကြောင်း တရားဝင် ပြသလိုက်တာဟာ အလျော်အစားကြီးမားတဲ့ လောင်းကြေးတစ်ခုကို ထပ်လိုက်တာလို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ အာဏာသိမ်း စစ်တပ်ဘက်က ဘယ်လောက်ပဲရပ်တည်နေပါစေ၊ မြန်မာပြည်သူလူထုရဲ့ အင်အား၊ ပြည်သူ့ သဘောထားဆန္ဒမပါဘဲ ဘယ်အစိုးရကမှ မြန်မာပြည်ကို အုပ်ချုပ်လို့ရမှာ မဟုတ်ဘူးဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။
တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို အကြမ်းဖက်၊ နှိပ်စက်သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်ဆံမှုတွေ ပိုပြီး တိုးမြှင့်တာ၊ စစ်ကောင်စီဘက်က ကာကွယ်ရပ်တည်ပေးတာတွေ ပိုပြီး လုပ်ဆောင်လာတာနဲ့အမျှ မြန်မာပြည်တွင်းမှာ တရုတ်အစိုးရ ဆန့်ကျင်ရေးစိတ်ဓာတ်တွေ ပိုမိုတိုးပွားလာနိုင်တဲ့အချက်၊ မြန်မာနိုင်ငံအတွင်းက တရုတ်စီမံကိန်းတွေရဲ့ လုံခြုံရေးကို ပိုပြီးစိုးရိမ်စရာဖြစ်လာမယ်ဆိုတဲ့ကိစ္စရပ်တွေကို တရုတ်အစိုးရအနေနဲ့ အလေးအနက် ထည့်သွင်းစဉ်းစားဖို့အချိန်ကျပြီလို့ စာရေးသူ ထင်မြင်မိပါတယ်။
ခေတ်သစ် မြန်မာနိုင်ငံ သမိုင်းတလျှောက် အဆိုးရွား အရက်စက်ဆုံးသော မင်းအောင်လှိုင် ဦးဆောင်တဲ့ အာဏာသိမ်း စစ်ကောင်စီကို ထောက်ခံရပ်တည်ပြလိုက်တဲ့ တရုတ်နိုင်ငံရဲ့လုပ်ရပ်ဟာ တရုတ် – မြန်မာ ဆက်ဆံရေးသမိုင်းတလျှောက် အရှက်ရစရာ အမည်းစက်ကြီးတစ်ခုအဖြစ် တည်ရှိနေမယ်ဆိုတာ ငြင်းမရတဲ့အချက်ပဲ ဖြစ်ပါတယ်။
Photo – Xinhua
(ယခုဆောင်းပါးသည် စာရေးသူ၏အာဘော်သာဖြစ်ပြီး Ayeyarwaddy Times သတင်းဌာန၏အာဘော် မဟုတ်ပါကြောင်း စာဖတ်ပရိတ်သတ်များအား လေးစားစွာ တင်ပြအပ်ပါသည်။)