ဆလိုင်းသန့်စင်နှင့် ဟိန်းစံ
ဧရာဝတီတိုင်းမ်၊ ဧပြီ ၃ ရက်
စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏တပ်မိသားစုဝင်များမှာ နှစ်စဉ် ဘဏ္ဍာနှစ် အကူးအပြောင်းကာလ ဖြစ်သည့် မတ်လကုန် ဧပြီလဆန်းပိုင်းရောက်တိုင်း လစာများ တိုးလို့တိုးငြား မျှော်လင့်ကြသည်။
ပြီးခဲ့သည့်နှစ် ဧပြီလကတော့ စစ်အာဏာသိမ်းစကာလ၊ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း လူထုက အင်အားသိန်းသန်းချီ၍ မြို့တိုင်းနယ်တိုင်း ဆန္ဒဖော်ထုတ်နေသောကာလ၊ လမ်းပေါ်က အကြမ်းမဖက် လူထုဆန္ဒပြပွဲများကို ကျည်အစစ်များဖြင့် အင်အားသုံး ဖြိုခွင်းသတ်ဖြတ်နေသောကာလဖြစ်ပြီး CDM လှုပ်ရှားမှု များပြားနေသဖြင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများ လည်ပတ်နိုင်ဖို့ ခက်ခဲသောကာလ ဖြစ်ခဲ့သည်။
ထို့ကြောင့် ယင်းကာလတွင် အောက်ခြေစစ်သားတို့၏ အဘများဖြင့်ဖွဲ့စည်းထားသော စစ်ကောင်စီသည်နည်းလမ်း ပေါင်းစုံဖြင့် သူတို့အာဏာ တည်ဆောက်ရန် အပြင်း အထန်ကြိုးပမ်းနေသော ကာလဖြစ်သည့်အတွက် အောက် ခြေစစ်သည်တပ်ဖွဲ့များမှာ လစာတိုးဖို့ကိစ္စ မမျှော်လင့်ခဲ့ကြပေ။
အာဏာသိမ်းချိန် ၁ နှစ်ပြည့်ပြီး မတ်လမှာတော့ စစ်ကောင်စီသည် ၎င်းတို့လက်အောက်ရှိ ဌာနဆိုင်ရာများ လည်ပတ်ရန် အနုနည်း၊ အကြမ်းနည်း၊ လူမဆန်သည့် နည်းပေါင်းစုံဖြင့် ကြိုးပမ်းနိုင်ခဲ့ခြင်း၊ မင်းအောင်လှိုင်ကို အလေးပြုရသည့် ဗိုလ်ရှုသဘင်၊ တပ်မတော်နေ့ (အမှန်တကယ်က ဖက်ဆစ်တော်လှန်ရေးနေ့) ကျင်းပနိုင်ခဲ့ခြင်း၊ ၂ နှစ်ကြာမကျင်းပနိုင်ခဲ့သောမဟာသင်္ကြန်ပွဲများ ကျင်းပ နိုင်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဆောင်ရွက်ခဲ့သည့်အတွက် အဘတို့ အခြေအနေကောင်းပြီ၊ တိုင်းပြည်တည်ငြိမ်အောင် တဖြည်းဖြည်း ထိမ်းသိမ်းနိုင်ပြီဟု တပ် ရင်းများတွင် သတင်းလွှင့်ခဲ့ကြသည်။
အဆိုပါ သတင်းနှင့်အတူ စစ်ကောင်စီ၏တပ်မတော်နေ့ အခမ်းအနားအပြီးတွင် စစ်ကောင်စီတပ် အသိုင်းအဝိုင်းနှင့် စစ်တပ်ထောက်ခံသည့်တပ်အသိုင်းအဝိုင်း၌ စစ်ခေါင်းဆောင် အဘတို့က စစ်သားများ အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းအားလုံး၏ လစာကို ၂၅ ရာခိုင်နှုန်း တိုးပေးမည်၊ စစ်သည်များထံမှ လစဉ်ဖြတ်တောက်နှုတ်ယူထားသော ဦးပိုင်ကုမ္ပဏီ အစုရှယ် ယာအမြတ်ငွေများလည်း ထုတ်ပေးတော့မည်ဆိုသောသတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
ယင်းသို့ လစာဝင်ငွေတိုးမည့်သတင်းများကြောင့် အဘတို့ အာဏာသိမ်းပြီးနောက် အဆမတန် မြင့်တက်နေသည့် ကုန်ဈေးနှုန်းဒဏ်ကြောင့် စီးပွားရေးခက်ခဲကြပ်တည်းနေကြသည့် အောက်ခြေစစ်သည်၊ ရဲတပ်ဖွဲ့ မိသားစုများနှင့် စစ်ကောင်စီလက်အောက် အမှုထမ်းနေရသည့် ဝန်ထမ်းမိသားစုများ ကြိတ်၍ ပျော်နေခဲ့ကြသည်။
ဧရာဝတီတိုင်းမ် သတင်းဌာနကထောက်လှမ်းစောင့်ကြည့် နေသော စစ်ကောင်စီတပ်အသိုင်းအဝိုင်းနှင့် တပ်မတော် ထောက်ခံသော အသိုင်းအဝိုင်းများကြားတွင် လစာတိုးမည့်သတင်းကြောင့် ဝမ်းသာကြောင်း Facebook နှင့် Telegram လို လူမှုကွန်ရက်များတွင် ရေးသားဖြန့်ဝေ ကြည်နူးနေကြသည့် အောက်ခြေစစ်သည်များ၊ စစ်လော်ဘီများ၏ပို့စ်များကို မြင်တွေ့ခဲ့ရသည်။
တကယ်တမ်းကျတော့ အောက်ခြေစစ်သည်များ “မှန်း ချက်နှင့် နှမ်းထွက်မကိုက်” ဆိုသလို မျှော်လင့်ထားသည်များ ဖြစ်မလာခဲ့ပါ။
၎င်းတို့မျှော်နေသည့် လစာများမတိုး၊ ဦးပိုင်အမြတ်ငွေများ မရသည့်အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စစ်သည်များ၊ ရဲများအပါအဝင် တနိုင်ငံလုံးရှိ ဝန်ထမ်းများအားလုံး နိုင်ငံ့ဝန်ထမ်းအဖြစ်မှ သက်ပြည့်ပင်စင်ယူရမည့်အသက်ကို ၆ဝ နှစ်မှ ၆၂ နှစ်သို့ တိုးမြှင့်လိုက်သည်။
စစ်ကောင်စီ လက်အောက်ရှိ စစ်သား၊ ရဲနှင့် ဝန်ထမ်းများဘဝက “ဖွတ်မရ ဓားမဆုံး”စကားပုံလို လစာမတိုး၊ ဦးပိုင်အမြတ်ငွေ လက်ဝယ်မရောက်ခြင်းသာမက ပင်စင်လစာ လိုချင်လျှင် စစ်ကောင်စီလက်အောက်တွင် အသက် ၆၂ နှစ်အထိ တာဝန်ထမ်းရမည့်အခြေအနေဆိုက်ရောက်သွားခဲ့သည်။
“ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေထွက်နေတာ စုံလို့ပဲ။ လ စာက အခုရနေတဲ့မူရင်းလစာရဲ့ ၂၅ ရာခိုင်နှုန်းတိုးမယ်။ ဦးပိုင်ပိုက်ဆံရမယ်ဆိုလို့မျှော်လင့်နေတာ။ ၂ ခုစလုံးတပြိုင်ထဲရမယ်ဆိုပြီးကြားနေတာ။ တိုးမယ်တိုးတော့ လစာ မတိုးဘဲ ပင်စင်ပေးမယ့် အသက်ပဲ တိုးသွားတယ်”ဟု ရန် ကုန်တိုင်းအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကို စိတ်ပျက်စွာဖြင့် ပြောပြသည်။
ယင်းကဲ့သို့ ပင်စင်ယူမည့် အသက် ၂ နှစ်တိုးမြှင့် ပြင်ဆင်ခြင်းသည် စစ်ကောင်စီတပ်သားများနှင့် ရတပ်ဖွဲ့ဝင်များကို အဓိကထိန်းချုပ်ရန် ရည်ရွယ်ခြင်းဖြစ်ပြီး ၎င်းအဖွဲ့အစည်း ၂ ခုထဲကို သီးခြားခွဲ၍ မထုတ်ပြန်တော့ဘဲ ဝန် ထမ်းအားလုံးဟုဆိုကာ ဥပဒေတခုလုံးကိုပြင်ဆင်လိုက်ခြင်းဖြစ်သည်ဟု တပ်မတော်သားအရာရှိဟောင်းများက သုံးသပ်ပြောဆိုကြသည်။
“ဒါက အဓိကကတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ် တဲ့ သူ့တပ်ကလူတွေနဲ့ ရဲတပ်ဖွဲ့ကို ရည်ရွယ်တာလို့မြင်တယ်။ ၂ ဖွဲ့ထဲသီးသန့်လုပ်လိုက်ရင် တပ်နဲ့ရဲအသိုင်း အဝိုင်းက ကန့်လန့်တိုက်တာတွေလုပ်လာမှာစိုးလို့ တွဲဘောခေါ်တာ။ သူ့မှာ နောက် ၂ နှစ် Plan (အစီအမံ) ရှိပုံရပါတယ်။ အဲ့ဒီ ၂ နှစ်အတွင်း တပ်အင်အားမလျော့စေချင်လို့ ဒီဇာတ်လမ်းဆင်တာ”ဟု စစ်ကောင်စီတပ်အတွင်း ၁ဝ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်အရာရှိဟောင်းတဦးက သူ၏ အမြင်ကိုပြောပြသည်။
စစ်ကောင်စီတပ်မှ နှစ်စဉ်အသက် ၆၀ ပြည့်၍ သက်ပြည့်အငြိမ်းစားပေးနေရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရာရှိ၊ စစ်သည်အင်အားအရေအတွက် ထောင်နှင့်ချီ ရှိနေနိုင် သည်ဟု ၎င်းက ခန့်မှန်းပြောဆိုသည်။
စစ်ကောင်စီ၏ ပြည်သူလူထုအပေါ် လူမဆန်သော အကြမ်းဖက် ဖမ်းဆီးနှိပ်စက် ထောင်ချသတ်ဖြတ်မှုများကြောင့်စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီ လက် ပါးစေ စစ်တပ်နှင့် ရဲတပ်ဖွဲ့အတွင်းသို့ အရပ်သားဝင်ရောက်မှု မရှိသလောက် နည်းပါးသွားခဲ့သည်။
တဖက်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – PDF များ၊ ကရင့်အမျိုးသားအစည်းအရုံး – KNU၊ ကချင်လွတ်မြောက်ရေးအဖွဲ့ – KIO၊ ချင်းအမျိုးသားတပ်ဦး – CNF စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ နေရာစုံမှ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီလက်ပါး စေ စစ်သားနှင့်ရဲများ ထိခိုက်သေဆုံးမှု တဖြည်းဖြည်း များပြားလာခြင်း၊ တပ်ကို စွန့်ခွာပြေးသူ၊ CDM ပြုလုပ်သူ များပြားနေခြင်းတို့ကြောင့် စစ်တပ်အင်အား လျော့ နည်းလာမှုကို အာဏာသိမ်းစစ်ကောင်စီ ရင်ဆိုင်နေရသည်။
ထို့ပြင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု – CDM တွင် ပါဝင်ခဲ့သော ထောင်သောင်းချီသည့် ကျန်း မာရေး၊ ပညာရေးအပါအဝင် အတတ်ပညာရှင်များ နေရာတွင် ပြန်လည်လူစားထိုးရန် ခက်ခဲနေခြင်းကို ဖြေရှင်းရန်အတွက် ရှိရင်းစွဲ Non – CDM ဝန်ထမ်းများကို ၂ နှစ်တိုး၍ ခိုင်းစေရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စီစဥ်ခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာစောင့်ကြည့်သူများက သုံး သပ်ပြောဆိုကြသည်။
“ဒါက စစ်ကောင်စီက တဖြည်းဖြည်း လျော့နည်းနေတဲ့ သူတို့တပ်နဲ့ရဲအင်အားကို ထိမ်းချင်လို့လုပ်တာ ထင်ရှားပါတယ်။ အဲတော့ အသက် ၆ဝ ပြည့်လို့ သက်ပြည့်ပင်စင် ယူပြီး နားဖို့ပြင်နေသူတွေကတော့ အကုန်လုံးဒုက္ခများပြီပေါ့။ မင်းအောင်လှိုင်က မင်းတို့ မထွက်နဲ့၊ မနားနဲ့ဦး ၆၂ နှစ်အထိ ငါခိုင်းဦးမယ်ဆိုတာမျိုး ဖြစ်နေတယ်”ဟု လုပ် သက်ရင့်သတင်းစာဆရာ ထက်ခေါင်လင်းက သူ၏ အမြင်ကို ပြောဆိုသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီအနေဖြင့် အဖက်ဖက်က ချွတ်ခြုံကျနေသော ယခုလက်ရှိ တိုင်းပြည်ဘဏ္ဍာရေးအခြေအနေဖြင့် ၎င်းတို့ ၏စစ်ကောင်စီတပ်သားများနှင့် ဌာနဆိုင်ရာဝန် ထမ်းများကို လစာတိုးမြှင့်ပေးနိုင်သည့်အခြေအနေ မရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ထမ်းတဦးက ရှင်းပြသည်။
“လစာတိုးမယ့်ကိစ္စကတော့ ကျနော်တို့ ဌာနအတွင်းမှာတော့ ဘာသတင်းမှ မကြားမိဘူး။ လတ်တလောအခြေ အနေအရ လစာတွေ တိုးပေးနိုင်တဲ့အခြေအနေမျိုးတော့ မဟုတ်ဘူးဗျ။ ကောလဟာလတွေ လျှောက်ဖြန့်နေတာ။ လက်ရှိမှာ အတိုးမဲ့ ၂ လစာချေးငွေ ၃ လဆိုင်းငံ့တာပဲရှိတယ်။ အဲ့ဒါတောင် အခုမှကပ်ပြီးစာထုတ်တော့ ပြီးခဲ့တဲ့ အောက်တိုဘာထဲက ငွေစာရင်းကြိုဆွဲရတဲ့သူတွေ အလုပ်ရှုပ်နေတယ်။ အခုထိလစာကိစ္စနဲ့ပတ်သက်ပြီး ဘာမှကြားတာ မရှိဘူး”ဟု ရန်ကုန်တိုင်းအတွင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် လစာတိုးပေးဖို့ နေနေသာသာ ၎င်း၏လက်အောက်က ဝန်ကြီးများကို ဝန်ကြီးဌာနအသုံးစားရိတ်များ ချွေတာသုံးစွဲကြဖို့နှင့် ဝန် ကြီးဌာန စက်သုံးဆီခွဲတမ်းများကိုလည်း လျှော့ချမည်ဖြစ်ပြီး ချွေတာသုံးစွဲကြရန်ပင် မှာကြားမှုများ ရှိနေသည်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း စစ်ကောင်စီကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲများတွင် လစာတိုးပေးမည့်ကိစ္စများနှင့်ပတ်သက်၍ မေးမြန်းချက်များတွင် တိုးပေးမည့် အစီအစဉ် မရှိသေးကြောင်း ဖြေကြားထားသည်။
ဗိုလ်မင်းအောင်လှိုင်သည် ဝန်ထမ်းလစာ တိုးပေးရန်အစီ အစဉ် မရှိသေးသော်လည်း ဖေဖော်ဝါရီလအတွင်းက နေပြည်တော်၌ ၎င်း၏ဗိုလ်ရှုသဘင်ကို ကျပ်သိန်းပေါင်း ၉ သောင်းကျော် အကုန်အကျခံ ကျင်းပခဲ့ပြ မတ်လတွင် ၇၇ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကိုလည်း ငွေကြေးအများအပြား သုံးစွဲ၍ ပြုလုပ်ခဲ့သည်။
သဘောကတော့ ဗိုလ်မင်းအောင်လှိုင်သည် တိုင်းပြည်ဘဏ္ဍာ ဘတ်ဂျတ်ငွေများကို သူသုံးချင်တဲ့နေရာ သုံးမည်၊ သုံးချင်သလို သုံးမည်ဟူသောသဘော ဖြစ်သည်။
အောက်ခြေစစ်ကောင်စီ တပ်မိသားစုများကတော့ လစာတိုးမပေးနိုင်လည်း ၎င်းတို့ကို စစ်ခေါင်းဆောင်များက ပေးရန်ရှိနေသေည့် ဦးပိုင်အမြတ်ငွေ ပိုက်ဆံကို မျှော်လင့်နေကြပြီး ထုတ်ပေးမည်ဟူသောကတိကို အကြိမ်ကြိမ်ဖျက်နေသည့် စစ်ခေါင်းဆောင်များကိုလည်း စိတ်ပျက်နေကြပြီဖြစ်သည်။
“ပြောရတာတွေလည်း ထပ်နေပြီ။ လိုချင်တာတော့ အမှန်ပဲ။ ဖြတ်တုန်းကလည်း တရက်မကျော်အ တိအကျဖြတ်တာ။ တစ်လတစ်လ မျှော်ရတာ လည်ပင်းရှည်နေပြီ။ ပေးရမယ့်အချိန်ကျမှ ဝေ့နေတယ်။ ဘာမှန်းကိုမသိဘူး။ လစာလေး တိုးဖို့မျှော်ရတယ်ဆိုတာလည်း အခုကုန်ဈေး နှုန်းနဲ့က လုံးဝအဆင်မပြေကြဘူး။ အခုက လစာလည်းမတိုး ဦးပိုင်လည်းမရ ဆိုတော့ ဖွတ်မရ ဓားမဆုံးဖြစ်ပြီပေါ့”ဟု မကွေးတိုင်းအတွင်းရှိ စစ်ကောင်စီတပ်မိသားစုဝင်တဦးက ပြောပြသည်။
စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီသည် တနိုင်ငံလုံးရှိ အရေ အ တွက် ၃ သိန်းကျော်ရှိသော စစ်သည်များ၏လစာထဲမှ စုငွေအဖြစ် လစဥ်ဖြတ်တောက်နှုတ်ယူထားသည်။
ဦးပိုင်စုငွေအဖြစ် စစ်ကောင်စီအကြီးတန်းအရာရှိ ဗိုလ် မှူးကြီးအဆင့်ကိုသိန်း ၁၀၀၊ ဒုဗိုလ်မှူးကြီးအဆင့်ကို သိန်း ၅၀၊ ဒုဗိုလ်မှဗိုလ်မှူးအဆင့်ထိ သိန်း ၃၀၊ အခြားအဆင့်အောက်ခြေစစ်သားများကို ၁၅ သိန်းအထိပြည့်မီအောင် စစ်ခေါင်းဆောင်များက အမိန့်ဖြင့် မဖြစ်မနေ ထည့်ဝင်ခိုင်းသည်။
အဆိုပါစုငွေပမာဏ ပြည့်သည်အထိ လူပျိုစစ်သည်တဦးလျှင် တလ ၃ သောင်းကျပ်၊ အိမ်ထောင်သည်စစ်သည်တဦးလျှင် တလ ၁ သောင်းကျပ် လစာမှဖြတ်တောက် နှုတ်ယူသည်။ ယင်းစုငွေပမာဏ ပြည့်မီသူ စစ်သည်များကို ဦးပိုင်ကုမ္ပဏီက တနှစ်တစ်ကြိမ် အစုရှယ်ယာအမြတ်ငွေထုတ်ပေးလေ့ရှိသည်။
အာဏာသိမ်းပြီးနောက် ၁ နှစ်ကျော်ကာလတွင် တနိုင်ငံလုံးရှိ အောက်ခြေစစ်သည်များကို ထုတ်ပေးရမည့် ဦးပိုင်အမြတ်ငွေ ကျပ်သန်းပေါင်း ၅ သောင်းကျော်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ထုတ်ပေးရမည်ဖြစ်သော် လည်း ယခုအချိန်အထိ ထုတ်မပေးဘဲ အကြိမ်ကြိမ်ရွှေ့ ဆိုင်းနေဆဲ ဖြစ်သည်။
လက်ရှိစစ်ကောင်စီတပ်အတွင်း လစဥ် စစ်သည်များ၏ လစာငွေမှ ဦးပိုင်စုငွေ၊ အောင်မြင့်မိုရ်မင်းအသက် အာ မခံ၊ ကိုဗစ် ၂ လစာအတိုးမဲ့ချေးငွေ၊ တပ်ရင်းရန်ပုံငွေ စသည့်ခေါင်းစဥ်အမျိုးမျိုးဖြင့် ပိုက်ဆံဖြတ်တောက်နေသဖြင့် ယခုလက်ရှိကြီးမြင့်နေသည့်ကုန်စျေးနှုန်းဖြင့် စားဝတ်နေရေးအဆင်မပြေ ဖြစ်နေကြသည်။
ရှေ့တန်းထွက်သည့် စစ်သည်များမှာ မိုင်းဆွဲခံရခြင်း၊ ချုံခိုတိုက်ခံရခြင်း၊ ပျောက်ကြားစနစ်ဖြင့် တိုက်ခိုက်ခံရခြင်းများကြောင့် ထိခိုက်သေဆုံးမှု များပြားနေသလို နောက် တန်းတွင် ကျန်ရစ်ခဲ့သည့် မိသားစုများက စားဝတ်နေရေး အဆင်မပြေ၊ တပ်ပြင်လည်း မထွက်ရ၊ စစ်သားမိန်းမများ ကင်းစောင့်ကင်းလှည့်နေရသည့်အခြေအနေအပေါ် အောက်ခြေစစ်သည်များနှင့် မိသားစုများ စိတ်ပျက်နေကြပြီဖြစ်သည်။
“လကုန်ရင် လစာကဖြတ်တဲ့ဟာတွေ များတယ်။ ဟိုဖြတ်ဒီဖြတ်တင် ၅ သောင်းလောက် ဖြစ်သွားတော့ ကျန်တဲ့ငွေနဲ့တစ်လလုံး ဘယ်လိုမှဆက်မသွားနိုင်ဘူး။ အခုလက်ရှိ ဆီစျေးနဲ့ ကုန်စျေးနှုန်းနဲ့က တော်တော်အဆင်မပြေဘူး။ ကျွန်မတို့လည်း အခုအခြေအနေကို အရမ်းစိတ်ပျက်နေတယ်”ဟု မကွေးတိုင်းရှိ တပ်ရင်းတစ်ခုမှ စစ်ကောင်စီတပ်သားတစ်ဦး၏ ဇနီးဖြစ်သူက ပြောပြသည်။

Leave a Reply