ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်

 

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” (ARNAB) ၏ အရှိန်ကြောင့် လာမည့်သုံးရက်အတွင်း တိုင်းနှင့် ပြည်နယ်အချို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “အာနာဘ်” သည် မြန်မာနိုင်ငံဘက်သို့ တိုက်ရိုက်ဝင်ရောက်ခြင်း မရှိသော် လည်း မုန်တိုင်း၏ အဝါရောင်အဆင့် သတိပေးချက်ကို ထုတ်ပြန်ထားသည်။

 

ယနေ့ အောက်တိုဘာ ၂၆ ရက် မှ အောက်တိုဘာ ၂၉ ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ တနင်္သာရီတိုင်း၊ ကရင်င်္နပြည်နယ် (ကယား)၊ ကရင် ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ထို့ပြင် ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနှင့် ကမ်းရိုးတန်းဒေသ များတွင် နေထိုင်ကြသူများ အထူးသတိပြုကြရန် မိုး/ဇလက တိုက်တွန်းထားသည်။

 

မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ကမ်းရိုးတန်း တစ်လျှောက်အပြင် ကမ်းလွန်ပင်လယ်ပြင်တို့တွင်လည်း တစ်ခါ တစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ကာ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေအထိ ရှိလာနိုင်ကြောင်း သိရသည်။

 

လက်ရှိဖြစ်ပေါ်နေသော စူပါအယ်လ်နီညို (Super El Niño) ရာသီဥတု သက်ရောက်မှုများကြောင့် မိုးရွာသွန်းမှု ပုံစံမမှန်ခြင်းနှင့် အပူချိန် မြင့်မားခြင်းတို့ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း နိုင်ငံတကာ မိုးလေ၀သ ဌာနများ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

ဓာတ်ပုံ – မိုး/ဇလ