ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ စစ်နည်းပညာတက္ကသိုလ် (DSTA) ရှေ့ ပတ်ဝန်းကျင် ရပ်ကွက်ကြီး (၁၂)၊ ရေချမ်းအိုးဒေသရှိ မြေဧက ၂၀၀ ကျော်ကို ရွေးတုအစိုးရစစ်တပ်က သိမ်းယူလိုက်ပြီး အဆိုပါ နယ်မြေအတွင်းရှိ ပြည်သူပိုင် အိမ်ကြီးအိမ်ကောင်းများကိုပါ အပြီးတိုင် ဖြိုဖျက်ခိုင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ မြေသိမ်းယူမှုကို နည်းပညာတက္ကသိုလ် နယ်မြေချဲ့ထွင်ရန်အတွက်ဟု အကြောင်းပြထား သော်လည်း လက်ရှိ ဖြိုဖျက်ခိုင်းနေသည့် အိမ်များမှာ DSTA ဘေးကပ်လျက် မဟုတ်ဘဲ ကျောင်း၏ အရှေ့ဘက်တွင်ရှိသည့် အဆင့်မြင့် နေအိမ်များစွာ ပါဝင်နေကြောင်း သိရသည်။

“DSTA နယ်မြေချဲ့တယ်ဆိုပြီး သူ့ဘေးမြေနေရာလည်း မဟုတ်ဘူး။ အရင်တစ်ခါ DSTA စားသောက် ဆောင် ရှေ့တိုက်ဒုံးနဲ့ အပစ်ခံလိုက်ရတယ်လေ။ အဲဒီကတည်းက အဲဒီတောင်ကြောကို သိမ်းချင်နေတာ။ ရေချမ်းအိုးထဲ ပါတာပေါ့။ ရေချမ်းအိုးကို ခဏခဏ ဖျက်ခိုင်းနေပြီး အရင်က ဟန်ပြဖျက်ကြတယ်။ အခုက မရတော့ဘူး။ ပြည်ထဲရေးကပါ အမိန့်ထုတ်လိုက်တော့ အကုန်ဖြိုရမယ်။ အဲဒီတစ်ဝန်းလုံးမှာ ရေကူးကန်ပါတဲ့ အိမ်ကြီး အိမ်ကောင်းတွေရော အများကြီးပဲ” ဟု ပြင်ဦးလွင် မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။
လက်ရှိတွင် အဆိုပါ DSTA အရှေ့၊ မန္တလေး-လားရှိုး လမ်းမကြီး၏ ညာဘက်ခြမ်း ရေချမ်းအိုးရပ်ကွက် မြေနေရာများကို သိမ်းယူပြီးနောက် လမ်းအသစ် ဖောက်လုပ်မည်ဆိုသည့် သတင်းများလည်း ထွက်ပေါ် လျက်ရှိသည်။

ထို့ပြင် ပြင်ဦးလွင်မြို့၌ အများပြည်သူ အများဆုံး သွားရောက်လည်ပတ်သည့် “ဒီဇင်ဘာ ဥယျာဉ်ခြံ” ကိုလည်း အာဏာသိမ်း ရွေးတုသမ္မတ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ဝယ်ယူထား သည်ဆိုသည့် သတင်းများ ဒေသခံများကြား ထွက်ပေါ်နေသည်။
ရွေးတုသမ္မတ မင်းအောင်လှိုင်သည် ခရီးသွားမြို့တော် ပြင်ဦးလွင်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော မြို့အဖြစ် တည်ဆောက်မည်ဟု ပြောဆိုလေ့ရှိပြီး ယခုအခါ မြေသိမ်းယူ၍ လမ်းချဲ့ခြင်းအပြင် ပြင်ဦးလွင် မီးရထားဘူတာ စီမံကိန်းနှင့် ရတနာပုံ မြို့သစ် ဆိုက်ဘာမြို့တော် (Cyber City) စီမံကိန်းများကိုပါ အကောင်အထည်ဖော်ရန် ကြံစည်နေကြောင်း သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်