ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်

ပြင်သစ်နိုင်ငံမှာ ကျောင်းသင်ကြားရေး အခြေအနေတွေ ယိုယွင်းလာတာနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုကို မကျေနပ်ကြလို့ လူပေါင်းသိန်းချီ ဒုတိယအကြိမ်မြောက် လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။

ဆန္ဒပြပွဲတွေမှာ ဆန္ဒပြသူတွေက သမ္မတ အီမန်နျူရယ်လ်မက်ခရွန် ရာထူးမှ နှုတ်ထွက်ပေးဖို့အထိ အဓိက တောင်းဆိုခဲ့ပါတယ်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ စနေနေ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူပေါင်း ၄၁၀,၀၀၀ ကျော် ပါဝင် ဆန္ဒပြခဲ့ပါတယ်။

မြို့တော် ပါရီမှာ ဆန္ဒပြသူ အရေအတွက်ဟာ ၁၁၀,၀၀၀ အထိ ရှိခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပေမဘ့် အလုပ်သမားသမဂ္ဂတွေက ဆန္ဒပြသူအရေအတွက်ဟာ ပြင်သစ်အစိုးရ ထုတ်ပြန်တာထက် နှစ်ဆနီးပါး ပိုများတယ်လို့ ဆိုပါတယ်။

ဆန္ဒပြပွဲတွေမှာ ကျောင်းသားလူငယ်တွေ၊ ဆရာ၊ ဆရာမတွေ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ သမဂ္ဂ ကိုယ်စားလှယ်တွေ အများအပြား ပါဝင်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ ကြွေးကြော်သံမျိုးစုံနဲ့အတူ သမ္မတ မက်ခရွန် ရာထူးက နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆန္ဒပြပွဲ အရှိန်မြင့်လာချိန်မှာ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ၊ ရေအမြောက်တွေ သုံးပြီး လူစုခွဲခဲ့တာကြောင့် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ အာဏာပိုင်တွေက အကြမ်းဖက်ဆန္ဒပြသူ ၅၀၀ ခန့်နဲ့ ရဲတပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

စိုးရိမ်ရတဲ့ အခြေအနေတွေကြောင့် အစိုးရက တစ်နိုင်ငံလုံးမှာ ရဲတပ်ဖွဲ့ဝင် ၇၀,၀၀၀ ကျော်အထိ ဖြန့်ကြက်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြသူ ၁,၀၀၀ နီးပါးကိုလည်း ထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

ဒီဆန္ဒပြပွဲဟာ စက်တင်ဘာလလယ်က စတင်ခဲ့ပြီး လက်ရှိမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ လူမှုစီးပွား မညီမျှမှုတွေနဲ့ သမ္မတ မက်ခရွန်ရဲ့ အုပ်ချုပ်မှုအပေါ် မကျေနပ်မှုတွေကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာ ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

News: Al Jazeera
Ref; Hundreds of thousands protest in France amid heightened police security