ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်
ထိုင်းနိုင်ငံ၊ ဖူးခက်ကျွန်းတွင် ယနေ့ အောက်တိုဘာ ၂၆ ရက်နေ့ နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် နေရာအများအပြား၌ ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး အချို့နေရာများတွင် ရေအမြင့် ၅၀ စင်တီမီတာ အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။
ဖူးခက် Patong နှင့် Kamala ဒေသတို့သည် ရေကြီးမှုဒဏ်ကို အများဆုံးခံခဲ့ရသည့် ဒေသများဖြစ်ပြီး ရေကြီးမှုကြောင့် နေအိမ်များ၊ ဈေးဆိုင်များနှင့် စားသောက် ဆိုင်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ပြီး လမ်းပိုင်းအချို့လည်း ပျက်စီးခဲ့သည်။

ဖူးခက်မြို့တွင်းတွင်လည်း ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မြို့တော်၏သက်ဆိုင်ရာအရာရှိများက မီးသတ်ကားများ အသုံးပြု၍ ရေစုပ်ထုတ်ခြင်း၊ ခရီးသွားများ နှင့် လမ်းသွားလမ်းလာများ အန္တရာယ်ကင်းစေရန် အတားအဆီးများချထားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ သိရသည်။
မိုးဆက်လက်ရွာသွန်းပါက ရေကြီးရေလျှံမှု ပိုမိုဆိုးရွားလာနိုင်သည့်အတွက် အစိုးရ၏ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ်စောင့်ကြည့်ရန်နှင့် ရေနစ်မြုပ်ခဲ့သည့်လမ်းများကိုလည်း ရှောင်ရှားသွားလာကြရန် အာဏာ ပိုင်များက သတိပေးပြောဆိုခဲ့သည်။
ထိုင်းမိုးလေဝသဌာန၏ သတိပေးချက်အရ ထိုင်းတောင်ပိုင်းတွင် လာမည့် အောက်တိုဘာ ၂၈ ရက်နေ့အထိမိုးရွာသွန်းနိုင်ပြီး ထိုင်း အရှေ့မြောက်ပိုင်း၊ မြောက်ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်ဒေသများတွင် လာမည့် မနက်ဖြန်အထိ မိုးသည်းထန်စွာရွာသွန်းမှုများရှိနိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက ခန့်မှန်းထား သည်။
ကိုးကား – Khaosod English