ဧရာဝတီတိုင်းမ်
အောက်တိုဘာ ၂၆ ရက်

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ KTV တစ်ခုတွင် မူးယစ်ဆေးဝါး သုံးစွဲနေသူများကို ဝင်ရောက် စီးနင်းရာ၌ ရွေးတုအစိုးရ ပဲခူးတိုင်းဒေသကြီးမှ အမျိုးသမီး တွဲဖက်မြို့နယ် တရားသူကြီးတစ်ဦး၊ မြို့နယ် တရားသူကြီးတစ်ဦးနှင့် နေပြည်တော် မီးယပ်နှင့်ကလေး စစ်ဆေးရုံမှ ဗိုလ်မှူးအဆင့်ရှိ စစ်ဆေးဆရာဝန် တစ်ဦး အပါအဝင် စုစုပေါင်း ၃၃ ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ လက်ဝယ်တွေ့ရှိ ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၅ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် သတင်းအရ တောင်ဥက္ကလာပမြို့နယ်၊ (၈) ရပ်ကွက်၊ စက်မှု (၆) လမ်းရှိ VIBE KTV & Entertainment သို့ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ရဲသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ KTV ရှိ VIP အခန်းများအတွင်း ဝင်ရောက်ရှာဖွေရာ Gentlemen အခန်းအတွင်းမှ အမျိုးသား ခုနစ် ဦး၊ အမျိုးသမီး ခြောက် ဦးနှင့်အတူ စိတ်ပြောင်းဆေးဝါး ကက်တမင်း (Ketamine) ၁၂ ထုပ်၊ Happy Water နှစ် ထုပ်၊ DJ စက် တစ် လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ ထို့ပြင် Tom & Jerry အခန်းအတွင်းမှ အမျိုးသား လေး ဦးနှင့်အတူ ဆေးခြောက် နှစ် ထုပ်၊ Happy Water နှစ် ထုပ်၊ အက်တာစီ (Ecstasy) ဆေးပြား တစ် ပြား၊ ကက်တမင်း တစ် ထုပ်နှင့် DJ စက် တစ် လုံးတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

ထို့အပြင် UFO အခန်းအတွင်းမှလည်း အမျိုးသား ကိုး ဦး၊ အမျိုးသမီး လေး ဦးနှင့်အတူ Happy Water ၁၀ ထုပ်၊ WY စိတ်ကြွဆေးပြား ၁၁၀ ပြားနှင့် DJ စက်တို့ကို သက်သေခံ ပစ္စည်းများနှင့်အတူ အသီးသီး တွေ့ရှိဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများကို စစ်ဆေးရာ Gentlemen အခန်းအတွင်း ဖမ်းဆီးရမိသည့် မနွယ်နီမြိုင်သည် ရွေးတုအစိုးရ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ် တွဲဖက်မြို့နယ် တရားသူကြီးဖြစ်ပြီး မအိမ့်မှူးခင်သည် ဖြူးမြို့နယ် မြို့နယ် တရားသူကြီးဖြစ်ကြောင်း သိရသည်။

ထို့အပြင် UFO အခန်းအတွင်း ဖမ်းဆီးရမိသည့် ထွန်းလင်းစိုးသည် နေပြည်တော်၊ အမှတ် (၂) ရွေးတုအစိုးရ စစ်တပ်၏ တပ်မတော်သားဖွား မီးယပ်နှင့် ကလေးဆေးရုံ (ခုတင် ၃၀၀) တွင် တာဝန် ထမ်းဆောင်နေသော ဗိုလ်မှူးအဆင့်ရှိ စစ်ဆေးဆရာဝန်ဖြစ်ကြောင်း စိစစ်ဖော်ထုတ်ရရှိခဲ့သည်။

အဆိုပါ စီးနင်းမှုတွင် KTV ဆိုင်တာဝန်ခံများနှင့် လက်ထောက် မန်နေဂျာများ အပါအဝင် စုစုပေါင်း အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၀ ဦး (စုစုပေါင်း ၃၃ ဦး) တို့ကို ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါး ဥပဒေဖြင့် အမှုဖွင့်လှစ်နိုင်ရေးနှင့် ကွင်းဆက် တရားခံများ ဆက်လက်ဖော်ထုတ်နိုင်ရေးအတွက် ရန်ကုန် မူးယစ်တပ်ဖွဲ့ခွဲ (၃) တွင် ထိန်းသိမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။