ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်

ရွှေတိဂုံဘုရား၌ Sex Doll အရုပ် ၂ ရုပ်ကို မယ်တော်များအဖြစ် ကိုးကွယ်ရန်အတွက် ရင်ငွေ့လှုံပွဲပြုလုပ်ခဲ့သူ ကိုရှိုင်းဇာနည်အောင်အပါအဝင် လူ ၄ ဦးကို စစ်ကောင်စီလက်အောက်ရှိ သာသနာရေးဝန်ကြီးဌာနက သာသနာတော် ညှိုးနွမ်းစေမှုဖြင့် အမှုဖွင့်ခဲ့ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သတင်းရရှိသည်။

ပြည်ပနိုင်ငံများ၌ လိင်မှုဆိုင်ရာဖျော်ဖြေရေးတွင် အသုံးပြုသည့် Sex Doll အရုပ် ၂ ရုပ်ကို ကိုရှိုင်းဇာနည်အောင် အပါအဝင် လူတစ်စုက အရိယာသောတာပန် သူရဿတီမယ်တော်ကြီးနှင့် သီရိဒေဝီ မယ်တော်ကြီးဟူ၍ အမည်ပေးကာ အဝတ်အစားဆင်ပေးခြင်း၊ ပန်းနှင့် အုန်းပွဲငှက်ပျောပွဲများဖြင့် ပူဇော်ခြင်းများပြုလုပ်သည်ကို လူမှုကွန်ရက်မှတဆင့် တွေ့ရှိရသည်။

အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းတွင် ကိုရှိုင်းဇာနည်အောင်အပါအဝင် လူ ၈ ဦးက အဆိုပါ Sex Doll အရုပ် ၂ ရုပ်ကို မယ်တော်အဖြစ်ကိုးကွယ်ရေး ရင်ငွေ့လှုံရန်အတွက် ရွှေတိဂုံဘုရားသို့ သယ်ဆောင်လာခဲ့ကြောင်း ဝန်ထမ်းများက ဘုရားရင်ပြင်တော်ပေါ်သို့ သယ်ခွင့်မပေးသဖြင့် ဘုရားတောင်ဘက်မုဒ်ကားဝန်းအတွင်းရှိ ကျောက်စာတိုင်အနီးတွင် Sex Doll အရုပ် ၂ ရုပ်ကို မယ်တော်အဖြစ် သိဒ္ဓိတင်မှု ပြုုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သိဒ္ဓိတင်ပွဲကိုလည်း ကိုရှိုင်းဇာနည်အောင်၏ လောကဝိဇ္ဇာထိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီး Facebook Page မှတဆင့် တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့် Facebook လူမှုကွန်ရက်တွင် အဆိုပါကိစ္စ ပျံ့နှံ့သွားပြီးနောက် စစ်ကောင်စီလက်အောက်ရှိ သာသနာရေးဝန်ကြီးဌာနက အမှုဖွင့်အရေးယူမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသူများမှာ ဦးဆောင်သူ ကိုရှိုင်းဇာနည်အောင် (၂၆ နှစ်)၊ ကိုအာကာမျိုး (၂၆ နှစ်)၊ ယာဉ်မောင်း ကိုကြည်ဇင် (၄၄ နှစ်)၊ ရုပ်သံရိုက်ကူးသူ ကိုအောင်ထွန်းဦး (၄၂ နှစ်) တို့ ဖြစ်သည်။

ဦးဆောင်သူ ကိုရှိုင်းဇာနည်အောင်နှင့် ကိုအာကာမျိုးတို့ကို စစ်ကောင်စီက ဗေဒင်ဆရာများဟု ဖော်ပြထားသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

၎င်းတို့ ၄ ဦးအပြင် ရွှေတိဂုံဘုရားဂေါပကအဖွဲ့ထံ တင်ပြခြင်းမရှိဘဲ Sex Doll အရုပ် ၂ ရုပ်ကို ဘုရား၌ ရင်ငွေ့လှုံပွဲပြုလုပ်ရန် ခွင့်ပြုခဲ့သူဝန်ထမ်းအား စုံစမ်းစစ်ဆေးကာ ပြင်းထန်စွာအရေးယူသွားမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။