ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၄ ရက်
ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်မှာ စက်တင်ဘာလကစပြီးတော့ ပိုင်ရှင်မဲ့အလောင်းတွေ ဆက်တိုက်တွေ့ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမှတ် ၈ ရပ်ကွက်၊ တဂေါင်းဘုရားလမ်း၊ တဂေါင်းဘုရားအနီးလမ်းဘေးမှာ ခန္ဓာကိုယ်ပြင်ပဒဏ်ရာမရှိဘဲ သေဆုံးနေတဲ့ အမျိုးသားရဲ့ အလောင်းတွေ့ရှိခဲ့တာကြောင့် ကိုဗစ်ရောဂါနဲ့သေဆုံးတာဖြစ်မှာကို ဒေသခံတွေ အနေနဲ့ စိတ်ပူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ ဘာဒဏ်ရာမှမရှိပဲသေနေတော့ စဉ်းစားရခက်တယ် ဒါက ဆေးပညာရှင်ပဲ သိမှာလေ အဲ့တော့ ရပ်ကွက်ထဲက လူတွေက ဒီလူက ကိုဗစ်နဲ့သေတာဖြစ်မှာ သူကနေ ထပ်ကူးမှာကြောက်နေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ပိုင်ရှင်မဲ့သေဆုံးခဲ့တဲ့ အမျိုးသားရဲ့ ရုပ်အလောင်းကိုတော့ ဘက်စုံလူမှုကူညီရေးအဖွဲ့(ပုသိမ်)ရဲ့ အကူညီနဲ့ ပုသိမ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။
ပုသိမ်မြို့မှာ စက်တင်ဘာလအတွင်း ပိုင်ရှင်မဲ့ အလောင်း ၂ လောင်းတွေ့ရှိခဲ့သလို ကိုဗစ်ကြောင့်သေဆုံးမှုဟာ စက်တင်ဘာလကနေ အောက်တိုဘာလ ၂၃ ရက်နေ့ထိ သေဆုံးသူ ၇ ဦးထိရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။