ဟိန်းစံ/ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်
အာဏာသိမ်း စစ်ကောင်စီတပ်၏ အင်အား မည်မျှရှိသည်ကို အတိအကျ ခန့်မှန်းရန် ခက်ခဲသော်လည်း ယခင်ထက် ပိုမိုယုတ်လျော့ လာနေသည်ကတော့ အသေအချာပင်ဖြစ်သည်။ လက်ရှိ ဖြစ်ပွားနေသော မြန်မာ့နွေဦးတော်လှန်ရေး ခုခံစစ်တိုက်ပွဲ အခြေအနေများနှင့် ရရှိထားသော ခိုင်လုံသည့် မြေပြင် သတင်း အချက်အလက်များအရ ထိုသို့ ဆိုရခြင်း ဖြစ်ပါသည်။
အာဏာသိမ်း စစ်ကောင်စီ တပ်၏ အင်အားမည်မျှ ရှိသနည်းဆိုသော မေးခွန်းကို ကမ္ဘာ့နိုင်ငံများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ EAO များ၊ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက် ပေါ်ပေါက် လာသည့် NUG၊ CRPH နှင့် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ PDF များ၊ စစ်ရေး လေ့လာ စောင့်ကြည့်သူများ၊ မြန်မာပြည်သူ လူထု တရပ်လုံးနှင့် စစ်ကောင်စီ အောက်ခြေ တပ်ဖွဲ့ဝင်များကလည်း စိတ်ဝင်စားမှု ရှိကြမည်ဟု ဆိုချင်သည်။
ကမ္ဘာ့နိုင်ငံများ၏ စစ်အင်အားနှင့် ပတ်သက်၍ အဆင့်ရပ်တည်မှု တွက်ချက်သည့် Global Fire Power ၏ ၂၀၂၁ ခုနှစ် အတွက် ထုတ်ပြန်ချက်များအရ စစ်ကောင်စီတပ်တွင် ကြည်း/ရေ/လေ စုစုပေါင်း ခန့်မှန်းအင်အား ၄ သိန်း ၅ သောင်း ရှိပြီး တာဝန်ထမ်းဆောင်နိုင်သည့် အင်အား ၄ သိန်းရှိသည်ဟု ခန့်မှန်းဖော်ပြသည်။
Global Fire Power က ထုတ်ပြန်သည့် နိုင်ငံပေါင်း ၁၄၂ နိုင်ငံမှာ မြန်မာက အဆင့် ၃၉ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းက အဆင့် ၂၉ မှာ ဖြစ်ပြီးတော့၊ ဗီယက်နမ် ၂၈၊ စင်္ကာပူ ၄၂ ဖြစ်ပါတယ်။ မလေးရှား ၄၈ နဲ့ ဘင်္ဂလားဒေ့ရှ်က ၄၆ ဖြစ်ကြောင်း တွေ့ရှိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်တွင် စစ်သားအင်အား အရေအတွက် မည်မျှရှိသည်ကို အတိအကျပြောနိုင်ရန် ခက်ခဲသော်လည်း ဖော်ပြပါ အရေအတွက် ၄ သိန်း ၅ သောင်း မရှိနိုင်ကြောင်း ကျွမ်းကျင်သူ တချို့ကလည်း ခန့်မှန်း သုံးသပ်ကြသည်။
စစ်ကောင်စီတပ်တွင် ကျဆုံး၊ သေဆုံး၊ နုတ်ထွက်၊ သက်ပြည့် အငြိမ်းစား၊ ထောင်ကျ/ထုတ်ပယ်၊ ခွင့်မဲ့၊ တပ်ပြေး၊ ခြေပြတ်၊ လက်ပြတ် ဒဏ်ရာရ (ဆေးအဆင့်နိမ့်) စသည့် ခေါင်းစဉ်များ၏ အောက်တွင် နှစ်စဉ် စစ်အင်အား ပြုန်းတီးမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
အဆိုပါ တပ်အင်အား ပြုန်းတီးမှုတွင် ခွင့်မဲ့၊ တပ်ပြေးများနှင့် စစ်အာဏာ သိမ်းပြီးနောက် ပြည်သူလူထုနှင့် ပူးပေါင်း လာသည့် CDM တပ်မတော်သား များပြားလာခြင်းတို့သည် စစ်ကောင်စီတပ် ခေါင်းဆောင်အဆင့်ဆင့် အတွက် ကြီးမားသည့် စိန်ခေါ်မှု ဖြစ်လာသည်။
“စစ်တပ်က စွန့်ခွာထွက်ပြေးတာကတော့ အရင်ထဲကရှိတယ်။ ခွင့်မဲ့၊ တပ်ပြေးမရှိတဲ့ တပ်ဆိုတာ မရှိဘူး။ နည်းတာ၊ များတာပဲ ကွာတယ်။ CDM ဆိုတာကတော့ အာဏာသိမ်းတာရဲ့နောက်ဆက်တွဲ နိုင်ငံရေးခံယူချက်တွေနဲ့ ပေါ်လာတာပေါ့၊ ဒါတွေ များလာတာရော နဂိုတည်းက သူ့အလိုလိုစွန့်ခွာနေတဲ့ သူတွေရော ပေါင်းလာတော့ စစ်ခေါင်းဆောင်တွေ အကြပ်ရိုက် နေတယ်။ သူတို့ကိုယ်တိုင် ဆင်းပြီး စည်းရုံးနေရတဲ့ အခြေအနေတွေ ဖြစ်နေတယ်”ဟု စစ်ကောင်စီ တပ်တွင်း ၁၀ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့် တပ်မတော်သားဟောင်းတဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ယင်းကဲ့သို့ စစ်ကောင်စီတပ်ကို စွန့်ခွာမှုများ တပ်ရင်းအလိုက် အများအပြား ရှိနေသော်လည်း အောက်ခြေတပ်ရင်း တာဝန်ရှိသူ တပ်ရင်းမှူးများက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ စွန့်ခွာမှုတိုင်းကို ၎င်းတို့၏အဘ စစ်ခေါင်းဆောင်များထံ တင်ပြခြင်းမရှိဘဲ ထိမ်ချန်ထားခဲ့ကြသည်။
စစ်ကောင်စီတပ်တွင် စစ်တိုင်းအလိုက် အများဆုံး တပ်ရင်း ၃၇ ရင်းအထိ ခြေလျင်၊ ခြေမြန် တပ်များ ဖြန့်ခွဲထားရှိကြောင်း သိရသည်။ စစ်တိုင်း ၁၄ ခုတွင် တိုက်ခိုက်ရေးတပ်မ ၃၀၊ စစ်တိုင်း၊ဒကစ ကွပ်ကဲမှုအပါအဝင် ခြေလျင်၊ ခြေမြန် တပ်ရင်း ၄၀၀ ကျော်နှင့် အခြားစစ်လက်ရုံးဝန်ထမ်းတပ်များလည်း ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
စစ်ကောင်စီ တပ်အတွင်း အရာရှိ (သို့မဟုတ်) အခြားအဆင့် စစ်သားတဦးသည် သတင်းပို့မှု တစုံတရာမရှိဘဲ အကြောင်းမဲ့ ပျက်ကွက်နေလျှင် ခွင့်မဲ့ပျက်ကွက်ဟု သတ်မှတ်ရပြီး ခွင့်မဲ့ပျက်ကွက် ရက် ၂၁ ရက်ပြည့်မြောက်သည်အထိ ပျက်ကွက် ပါက တပ်ပြေးအဖြစ် စတင် ကြေညာရသည်။
ယင်းသည် စစ်ကောင်စီတပ်၏ လုပ်ထုံးလုပ်နည်းဖြစ်သည်။ လက်ရှိ စစ်ကောင်စီတပ်တွင်း တပ်သား ၁ ဦး ခွင့်မဲ့ ပျက်ကွက်မှု ဖြစ်ပွားပါက အဆိုပါလုပ်ထုံးလုပ်နည်းများအတိုင်း လုပ်ဆောင်ရမည်ဖြစ်သော်လည်း တပ်ရင်းအုပ်ချုပ်သူ အရာရှိများက အထက်ဌာန အဆင့်ဆင့်သို့ မတင်ပြဘဲ ဖုံးကွယ်ထားကြသည်က အစဉ်အလာတစ်ခုလိုပင် နှစ်ပေါင်းများစွာ ဖြစ်ပွားနေခဲ့သည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။
“တပ်က တပ်ရေးဗိုလ်ကြီးတွေက အဲ့ဒီလိုတွေ လုပ်နေတာ ကြာပြီ။ ကျွန်တော်တို့ရှေ့က တပ်ကနေ ထွက်ပြေးနေတဲ့ သူတွေလည်း အများကြီးဘဲ စာရင်းမတင်ဘူး။ ၃၊ ၄ လလောက် ဒီအတိုင်း ကြိတ်ပြီးလိုက်ရှာတယ်။ ပြန်ခေါ်တယ်၊ ပြန်လာခဲ့ပေါ့၊ မင်းကိုအရေးမယူဘူး၊ ဒီကြားထဲ လစာတွေလည်း ပြန်ပေးမယ် ဆိုတာမျိုးတွေနဲ့ နည်းမျိုးစုံနဲ့ စည်းရုံးပြီး ပြန်ခေါ်တယ်။ ၆ လ ကျော်လောက်အထိ လုံးဝဆက်သွယ်လို့ မရတော့ဘူး ဆိုတဲ့အခါမျိုးမှ အထက်ကိုစာရင်းတင်တယ်” ဟု ဇူလိုင်လ အတွင်းက KNU ထံ CDM ပြုလုပ်လာသည့် တပ်မ ၄၄ လက်အောက်ခံ မုတ္တမ ခမရ ၁၀၂ က တပ်သား ကိုဇော်ထက်အောင်က ရှင်းပြသည်။
အဆိုပါအခြေအနေများသည် ကိုဇော်ထက်အောင်တို့ ခမရ ၁၀၂ တပ်ရင်းတခုသာ မဟုတ်ဘဲ စစ်ကောင်စီ၏ တိုက်ခိုက်ရေး တပ်များနှင့် လက်ရုံးတပ်ရင်းများ အားလုံးနီးပါးတွင် ယင်းကဲ့သို့ ဖြစ်ပေါ်နေသည်ဟု CDM တပ်မတော် သားများနှင့် ဧရာဝတီတိုင်းမ် သတင်းဌာန၏ တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီ၏အောက်ခြေတပ်ရင်းမှူးများအနေဖြင့် ယခုကဲ့သို့ တပ်ပြေးများစာရင်းကို ထိမ်ချန်ထားရသည်မှာလည်း ခိုင်မာသည့်အကြောင်းအရင်း ရှိသည်။ ယင်းမှာ စစ်ကောင်စီတပ်၏ လေးလပတ် ကာလတခုအတွင်း တပ်ရင်းတရင်းလျှင် ခွင့်မဲ့ပျက်ကွက်သူ (တပ်ပြေး) အများဆုံး ၃ ဦး အထိသာ တင်ပြခွင့်ရှိသောကြောင့် ဖြစ်သည်။
တပ်ပြေးအရေအတွက် ၃ ဦးထက် ကျော်လွန်တင်ပြသည့် တပ်ရင်းသည် လေးလပတ်အစည်းအဝေးတွင် စစ်ခေါင်းဆောင်များ၏ အဆဲအဆို အကြိမ်းအမောင်းခံရသည်ဟု ဧရာဝတီတိုင်းမ်သတင်းဌာန၏ တပ်တွင်းသတင်းရင်းမြစ်များက ရှင်းပြသည်။
ဧရာဝတီတိုင်းမ်က ကြည့်ရှုခွင့်ရခဲ့သည့် စစ်ကောင်စီတပ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ရှိ မကွေးတိုင်း အတွင်းရှိ လုံခြုံရေးအရ တပ်အမည် မဖော်လိုသည့် တပ်ရင်းတခု၏ ၂၀၂၁ ခုနှစ်အတွင်း လေးလပတ် အစည်းအဝေး အစီရင်ခံ တင်ပြချက်တွင် ခွင့်မဲ့ပျက်ကွက်သူစာရင်းကို ၃ ဦးသာ တင်ပြထားသည်ကို တွေ့ရသည်။ သို့သော် အမှန်တကယ်မြေပြင်၌ ယင်းကာလအတွင်း ခွင့်မဲ့ပျက်ကွက်သူ (တပ်ပြေး) ၁၀ ဦးအထိ ရှိခဲ့သည်ဟု တပ်တွင်း သတင်း ရင်းမြစ်ကပြောသည်။
စစ်ကောင်စီတပ် အတွင်း ခွင့်မဲ့ထိန်ချန်မှုနှင့် စစ်ခေါင်းဆောင်အကြီးအကဲများကို လိမ်လည်တင်ပြခြင်းသည် စစ်ကောင်စီ တပ်ရင်းတိုင်းနီးပါး ပြုလုပ် နေရသည့်အခြေအနေဖြစ်ပြီး CDM မပြုလုပ်ခင် ကာလအထိ ၎င်းကိုယ်တိုင်လုပ်ခဲ့ရကြောင်း CDM တပ်မတော်သား ဗိုလ်ကြီး ဇင်ယော်က ရှင်းပြသည်။
“ကျနော် CDM မလုပ်ခင်ကနောက်ဆုံးလာတဲ့တပ်မှာ တပ်ရေးဗိုလ်ကြီး ကိုင်တယ်၊ တပ်ရေးဗိုလ်ကြီးလုပ်တဲ့အချိန်မှာ ခွင့်မဲ့တွေ၊ စစ်ပြေးတွေလိမ်ရတဲ့ကိစ္စတွေက တပ်ရေးဗိုလ်ကြီးတွေလုပ်ရတာပေါ့။ စစ်ပြေးတွေက များလာတော့ ရှေ့ကပြေးသွားတဲ့သူကိုလည်း စာရင်းကမတင်ရသေးဘူး၊ နောက်ကထပ်ပြေးတဲ့သူကပေါ်လာ။ စာရင်းတင်တာက ကျနော်တို့က ပြေးသွားတိုင်း တင်လို့မရဘူး။ အဲ့လိုသွားတင်ရင် အကုန်အရေးယူခံရမှာ။ သူ့ကန့်သတ်ချက်ရှိတယ်။ တပ်ရင်းမှူးကိုတင်ပြပြီး တပ်ရင်းမှူးတွေကလည်း မတင်ချင်ကြဘူး။ ထားလို့ရသေးရင် ထားလိုက်၊ လိုက်ဆက်သွယ် ရှာခိုင်းပြီး ပြန်ခေါ်ခိုင်း၊ ဒါမျိုးပေါ့။ မတင်လို့ လုံးဝမဖြစ်တော့ဘူးဆိုမှ နည်းနည်းတင်၊ နည်းနည်းတင်နဲ့ ကာလကြာလာပြီး ပြေးတဲ့သူများလာတော့ ကျနော်တို့လိမ်ရတဲ့လူတွေ ကိုယ်တိုင်မျက်စိတွေပါလည်လာတာ။ ကိုယ့်စာရင်းကိုယ်မနိုင်တော့တဲ့အခြေအနေတွေ ဖြစ်လာတာ”ဟု ဗိုလ်ကြီး ဇင်ယော်ကပြောသည်။
ခွင့်မဲ့များပြားနေသည်ဟု ကျော်ဇောနေသည့် တပ်ရင်းများကို စစ်ကောင်စီ၏ စစ်တိုင်းမှူးက လာရောက် စစ်ဆေးလေ့ရှိသော်လည်း အဆင့်ဆင့် ဝိုင်းဝန်းလိမ်လည် ဖုံးဖိပြီး တင်ပြကြသဖြင့် တိုင်းမှူးကိုယ်တိုင် မသိချင်ယောင် ဆောင်ပေးကြရသည့်အခြေအနေများ တပ်တွင်း၌ ဖြစ်ပွားနေသည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။
“ကျနော်နောက်ဆုံး ထွက်လာတဲ့တပ်ဆို ခွင့်မဲ့၊ စစ်ပြေး ၁၉ ယောက်အထိ ရှိတယ်။ စာရင်းလည်း မတင်ထားဘူး၊ လူလည်း မရှိဘူး။ တိုင်းမှူးက ကျနော်တို့တပ်ကို စစ်ပြေးများတာ ကျော်ဇောလို့ဆိုပြီး လာစစ်တယ်၊ စစ်တော့ သိတယ်ပေါ့နော်၊ ဒါပေမယ့် မသိချင်ယောင်ဆောင်တယ်။ နောက် တပ်ရင်းမှူးကစပြီး ဗျူဟာမှူး၊ တပ်မမှူး၊ ဒကစမှူးတွေ အဆင့်ဆင့် ဝိုင်း ဖုံးလိုက်ကြတယ်။ ဒီခွင့်မဲ့စစ်ပြေးတွေရဲ့လစာတွေကို ထိန်းထားပြီး တပ်သားသစ်ပြန်ရှာတယ်။ တိုင်းမှူးလည်း ဒီဘဝက သွားတာဆိုတော့ သူကိုယ်တိုင်လည်း လုပ်ခဲ့တော့သိနေတာပေါ့”ဟု ဗိုလ်ကြီး ဇင်ယော်က ပြောပြသည်။
အထက်တွင် ဖော်ပြခဲ့သည့် တပ်ရင်းတခုတွင် ခွင့်မဲ့ပျက်ကွက် အရာရှိ၊ စစ်သည် အများအပြား ဖြစ်ပေါ်နေသည်ဆိုပါက အဆိုပါတပ်ရင်းမှူးသည် တပ်တွင်းကွပ်ကဲမှုနှင့် စည်းရုံးမှု ညံ့ဖျင်းသည်ဟု သတ်မှတ်ခံရမည်ဖြစ်ပြီး ၎င်း၏ အထက်တွင် ရှိသော ဗျူဟာမှူး၊ တပ်မမှူး၊ တိုင်းမှူးများက ၎င်းအားနောက်တဆင့် ရာထူးတိုးအတွက် ထောက်ခံရွေးချယ်ပေးမည် မဟုတ်တော့သည်ကို တပ်ရင်းမှူးများက ကောင်းကောင်းသိနေကြသည်။
ထို့ကြောင့် တပ်ရင်းအတွင်းဖြစ်ပေါ်နေသော ခွင့်မဲ့ပျက်ကွက်၊ တပ်ပြေးစာရင်းများစာရင်းကို အောက်ခြေတပ်ရင်းမှူးများက ၎င်းတို့ ဆူပူကြိမ်းမောင်း မခံရရေးနှင့် ရာထူးတိုးဖို့အရေး အနှောင့်အယှက်မဖြစ်ရန်အတွက် အထက်အဆင့်ဆင့်ကို လိမ်ညာ ဖုံးဖိတင်ပြနေသည်က စစ်ကောင်စီတပ်အတွင်း မထူးဆန်းတော့သည့်ကိစ္စရပ်တစ်ခုလိုပင် ဖြစ်နေသည်။
လွတ်မြောက် နယ်မြေရောက် CDM တပ်မတော်သား အရာရှိ ၁ ဦးကလည်း“တပ်ရင်းမှူး အဆင့်လောက်အထိ ရောက်လာပြီ ဆိုရင် အစစအရာရာ ပိုကြောက်လာကြတယ်။ တပ်ရင်းတခုမှာ ခွင့်မဲ့နည်းတာ နဲ့ လူသစ်စုနိုင်တဲ့ ကိစ္စက ရာထူးတက်ဖို့ အလားအလာ အရှိဆုံးပဲ။ အရင် အာဏာမသိမ်းခင် ကာလတွေမှာက စစ်ဆင်ရေးကလည်း လောက်လောက်လားလား ရှိတာ မဟုတ်ဘူး။ အဂါ (ဂါရဝပြု) လည်း ကောင်းတယ်။ ခွင့်မဲ့နည်းတယ်၊ လူသစ် များများ စုနိုင်တယ်ဆိုရင် သူတို့ အထက်ပုဂ္ဂိုလ်တွေက ထောက်ခံပေးတာပဲ။ တပ်ရင်းတွေမှာ စစ်သက်ရင့်အိုနေတဲ့ သူတွေသာ ပြေးဖို့ နည်းနည်း တွန့်ဆုတ်နေကြတာ။ စစ်သက် ၁၅ နှစ်အောက်တွေကတော့ ပြေးကြတာများတယ်။ သူတို့ ရာထူးရရေး အတွက် ပြေးလည်း စာရင်းမပြကြဘူး”ဟု ပြောသည်။
အလားတူ တပ်ရင်းများကို ကွပ်ကဲသည့် တပ်မမှူး၊ စကခမှူး၊ ဒကစမှူး၊ တိုင်းမှူးများကလည်း ၎င်းတို့ ကွပ်ကဲမှုအောက်ရှိ တပ်ရင်းများတွင် ခွင်မဲ့၊ တပ်ပြေး များပြားမှာကို အလိုမရှိပေ။ ၎င်းတို့ ကွပ်ကဲမှုအောက်ရှိတပ်ရင်းများအတွင်း ခွင့်မဲ့တပ်ပြေး များပြားနေပါက နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ၎င်းတို့ကိုပါ ကွပ်ကဲမှုညံ့ဖျင်းသည်ဟု သတ်မှတ်မည်ကို အထူးစိုးရိမ်ကြသည်။ ကွပ်ကဲမှုညံ့ဖျင်းသည်ဟုသတ်မှတ်ခံရသဖြင့် ရာထူးဆက်မတိုးတော့မှာကို ၎င်းစစ်အရာရှိကြီးများ သေမလောက် ကြောက်ရွံ့ကြသည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ဆိုသည်။
ထို့ကြောင့် အောက်ခြေ တပ်ရင်းမှူးက တင်ပြလာသော ခွင့်မဲ့တပ်ပြေး အလိမ်အညာစာရင်းများကို တပ်မမှူး၊ စကခမှူး၊ ဒကစမှူး၊ စစ်တိုင်းမှူးများအဆင့်ဆင့်က နေပြည်တော်ရှိ စစ်ခေါင်းဆောင်များထံ အဆင့်ဆင့်လိမ်ညာ တင်ပြကြသည်ဟု CDM တပ်မတော် အရာရှိများက ပြောဆိုကြသည်။
လက်ရှိ စစ်ကောင်စီတပ်၏ စစ်တက္ကသိုလ် (DSA) ကျောင်းအုပ်ဖြစ်နေသည့် ဗိုလ်မှူးချုပ် ဇော်မင်းလတ်သည် ယခင် ဘားအံမြို့တပ်မ ၂၂ တပ်မမှူးအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။ ဧရာ၀တီတိုင်းမ်သတင်းဌာနမှ ရရှိထားသည့် အထောက်အထားများအရ ဗိုလ်မှူးချုပ် ဇော်မင်းလတ်သည် ၎င်းတဆင့်မြင့်ရာထူး ရရှိရေးအတွက် တပ်မ ၂၂ လက်အောက်ခံ တပ်ရင်း ၁၀ ရင်း အတွင်းရှိ ရာနှင့်ချီသည့် ခွင့်မဲ့၊ တပ်ပြေးများ၏ စာရင်းများကို မဖော်ပြဘဲ ထိန်ချန်ထားခဲ့ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ရာနှင့်ချီသော ခွင့်မဲ့တပ်ပြေးတပ်မတော်သားများ၏ လစာများကို တပ်မမှူးဖြစ်ခဲ့သည့် ဗိုလ်မှူးချုပ် ဇော်မင်းလတ်က ထုတ်ယူ သုံးစွဲခဲ့သည်ဟု တပ်မ ၂၂ တပ်တွင်း သတင်းရင်းမြစ်များက ဆိုသည်။
“တပ်မ ၂၂ က လက်အောက်ခံတပ်ရင်းတွေမှာ စာရင်းမတင်ပြဘဲ ခွင့်မဲ့လစာတွေကို ထုတ်စားနေတာ။ အရင်တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းလတ်လက်ထက်ကတည်းကနေ အခုထိဘဲ။ သူ့ရှေ့တပ်မမှူးတွေကလည်း လုပ်တာဘဲ။ သူ့လက်ထက်မှာ လူရာနဲ့ချီထပ်တိုးလာတာ။ သူလည်းရာထူးမရမှာကြောက်တာနဲ့ အဲ့ဒါတွေ မတင်ဘဲလိမ်ထားပြီး ခွင့်မဲ့လစာတွေ ထုတ်စားနေတာ။ သူနဲ့ သူ့တပည့် G1 ဒုဗိုလ်မှူးကြီး ဝေလင်းအောင်ပေါ့။ အခုလက်ရှိတပ်မမှူးအထိ ထုတ်စားနေတုန်းပဲ”ဟု တပ်မ ၂၂ မှ တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။
လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုချုပ် စိုးဝင်းတို့သည်လည်း ၎င်းတို့ တပ်ရင်းမှူး၊ တပ်မမှူး၊ ဒကစမှူး၊ စစ်တိုင်းမှူးနှင့် စစ်ဆင်ရေးအထူးအဖွဲ့မှူး (ကစထမှူး) အစရှိသော စစ်ဘက်ရာထူးများ ထမ်းဆောင်ခဲ့စဉ်က အထက်အရာရှိများကို လိမ်ညာတင်ပြခဲ့သူများဖြစ်ကြောင်း၊ ယခုလည်း ၎င်းတို့လက်အောက်က စစ်ဘက် အရာရှိကြီးများက ၎င်းတို့လုပ်ခဲ့သည့်နည်းအတိုင်း တသွေမတိမ်း လိမ်နေကြခြင်းဖြစ်ကြောင်း CDM တပ်မတော် အရာရှိများက ဆိုသည်။
CDM တပ်မတော်သား Captain Zero ကလည်း“သေချာတာက စစ်ခေါင်းဆောင်တွေမှာလည်း ဟန်ပဲ ရှိတော့တာ။ အောက်ခြေမှာကိုက ကိုယ်ကျိုးစီးပွားပဲ ကြည့်ပြီး ဝိုင်းလိမ်နေကြတာ။ ဒါကလည်း ခေတ်အဆက်ဆက် လိမ်လာတာ ဖြစ်တယ်။ သူတို့တုန်းကလည်း လိမ်ခဲ့တာပဲ။ တပ်အင်အားက သူတို့ကိုယ်တိုင်ကို မြေပြင်နဲ့ စာရင်းနဲ့ကို အတည် မပြုနိုင်ဘူး။ စာရင်းအရ အောက်ကကြောက်လို့ လိမ်တင်လာကြတာ၊ တကယ့် မြေပြင်မှာ လူမရှိလို့ ပင်စင်နား ကပ်နေတဲ့ စစ်အိုကြီးတွေကိုပါ ခေါ်တိုက်နေရတာ။ သေချာတာက စစ်အာဏာသိမ်းပြီးတဲ့နောက် စွန့်ခွာထွက်ပြေးတာတွေ အများကြီး ရှိတယ်၊ ကျနော်တို့ ခန့်မှန်းတာထက်တောင် များတယ်”ဟု ပြောသည်။
အလားတူ ခွင့်မဲ့၊တပ်ပြေးစာရင်းများကိုလိမ်လည်နေသလို ရှေ့တန်းစစ်မြေပြင်မှ ထွက်ပြေး၊ ထိခိုက်၊သေဆုံး၊ဒဏ်ရာရ၊စစ်သုံ့ပန်း စာရင်းများကိုလည်း လိမ်လည်တင်ပြနေသည်ဟု အရှင်ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သားများ၏ပြန်လည်ပြောဆိုချက် များနှင့် တပ်တွင်းသတင်းရင်းမြစ်များကဆိုသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းဖြစ်ပွားနေသည့် ရှေ့တန်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ ကျဆုံး၊ ဒဏ်ရာရ၊ ထွက်ပြေးစသည့် မြေပြင်စာရင်းများကို စစ်တပ်က အထက်သို့အဆင့်ဆင့် လိမ်လည်တင်ပြနေသည်ကို တွေ့ရှိရကြောင်း မြ၀တီမြို့နယ်အတွင်း စစ်ကောင်စီကိုတိုက်ခိုက်နေသည့် တော်လှန်ရေးအင်အားစုများက ဆိုသည်။
“သူတို့ (စစ်ကောင်စီတပ်) အချင်းချင်းထဲမှာတောင်မှ ယုံကြည်မှုတွေ မရှိတော့ဘူး။ ပြီးရင် ရှေ့တန်းကနေ အထက်အရာရှိကို တမျိုးတင်တယ်။ အထက်အရာရှိကနေ ဟိုးအပေါ်ကို တမျိုးတင်တယ်။ အဲ့လို မဟုတ်မမှန်တဲ့ဟာတွေ လိမ်တင်နေတာ ခဏခဏ ကျနော်တို့ ကြားရတယ်။ အဲတော့ ဒါဟာ ကျနော်တို့အတွက် အားသာချက်တစ်ခုပဲ”ဟု ကော်ဘရာ ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောသည်။
သို့ဖြစ်၍ စစ်ကောင်စီ တပ်ရင်းများ၏ အောက်ခြေ ဗိုလ်အဆင့်ဆင့်မှသည် အထက်စစ်ဗိုလ်ချုပ်များ အဆင့်ထိ ၎င်းတို့ စစ်တပ်၏ အင်အားကို အဆင့်ဆင့် လိမ်လည်နေသဖြင့် စစ်ခေါင်းဆောင်များ ကိုယ်တိုင်ပင် ၎င်းတို့ လက်အောက်ရှိ စစ်တပ် အင်အား အမှန်တကယ် မည်မျှရှိသည်ကို မသိနိုင်တော့ကြောင်း၊ အမှန်တကယ် တပ်ပြေး အင်အားကိုသာ စိစစ်ဖော်ထုတ်ပြီး သိရှိပါက နေပြည်တော်မှ စစ်ဗိုလ်ချုပ်ကြီးများ ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားနိုင်သည် ဟု CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။
“အဲ့ဒီတော့ နောက်ဆုံးမှာ ဘယ်လိုပြောရမလဲ၊ မင်းအောင်လှိုင်နဲ့ စိုးဝင်းတို့ သူတို့ ကိုယ်တိုင်လည်း သူ့တပ်အင်အားကို မသိနိုင်တော့ဘူး။ တကယ်တမ်း စစ်ကောင်စီတပ်တခုလုံးရဲ့တိုင်းမှူးတို့၊ လက်ရုံးတပ် ညွှန်ကြားရေးမှူးတို့လို အရာရှိချုပ်တွေ ပေါ့နော်၊ စစ်ဗိုလ်ချုပ်ကြီးတွေအနေနဲ့ အမှန်တကယ် စစ်တပ်ရဲ့ ခွင့်မဲ့၊ စစ်ပြေး ၊ ကျဆုံး အင်အားစာရင်းတွေဟာ ငါတို့အောက် တပ်တွေမှာ ဒီလောက် အင်အားများများ ရှိနေပြီဆိုတာ သိရင်လည်း သူတို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်တယ်ပေါ့နော်၊ ဒါကြောင့်လည်း ဆင့်ကဲဆင့်ကဲ ဖုံးထားတာပေါ့။ မသိချင်ယောင်ဆောင်တာပေါ့၊ တကယ်တမ်းတော့လည်း သိချင်သိမှာပေါ့။ စစ်တပ်က စစ်ဗိုလ်ချုပ်တွေဆိုတာ မသိချင်ယောင်ဆောင်တတ်ကြတယ်။ သူတို့တုန်းကလည်း ဒီလိုလုပ်ခဲ့တာ ဆိုတော့ မသိချင်ယောင်ဆောင်ပြီး ဝိုင်းလိမ်နေကြတာ”ဟု ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
ယခုကဲ့သို့ စစ်တပ်၏အဆင့်ဆင့် လိမ်လည်တင်ပြခြင်းနှင့် အချင်းချင်း လိမ်ညာနေကြခြင်းကို မသိချင်ယောင်ဆောင် ဝိုင်းဝန်းဖုံးဖိနေကြခြင်းမှာ စစ်တပ်ပြိုကွဲမည့်လမ်းစဖြစ်ပြီး အချိန်ကာလတစ်ခုအရောက်တွင် ဖုံးဖိထားသော တပ်တွင်း လိမ်ညာမှုများအားလုံး ပေါ်ပေါက်သွားချိန်၌ စစ်တပ်ပြိုလဲသွားမည်ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ် ကြသည်။
“ကျနော့်အထင်ကတော့ စစ်ကောင်စီတပ်ဟာ သိပ်မကြာတော့ဘူး။ ကျနော်တို့ ညီညွတ်ဖို့ပဲ လိုတယ်။ ပြည်သူက အားတင်းထားဖို့ လိုတယ်။ …သူတို့ (စစ်ကောင်စီတပ်) အချင်းချင်း အဆင့်ဆင့်တွေ လိမ်နေကြတဲ့အပေါ်မှာ ဒီဟာကြီးက သိပ်ကြာတော့မှာ မဟုတ်ဘူးဆိုတာ ကျနော်တို့ လုံးဝသုံးသပ်လို့ရပြီ“ဟု ကော်ဘရာ ဒုစစ်ကြောင်းမှူး ဗိုလ်စောကော်က ပြောဆိုသည်။