နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

အာဏာသိမ်း စစ်ကော်မရှင်က မြန်မာပြည်အလယ်ပိုင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ကို အဓိကပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း အရပ်သား ၄၇၀ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI)ထံက သိရသည်။

စစ်ကော်မရှင်သည် အောက်တိုဘာလအတွင်းက နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု (၁၂၄) ကြိမ်ပြုလုပ်ခဲ့ပြီး ယင်းဒေသများကို စစ်ကော်မရှင်က အဓိကထားခြင်းဖြစ်ကာ ကလေးသူငယ်နှင့် ကျောင်းသားကျောင်းသူအပါအဝင် အရပ်သား စုစုပေါင်း ၁၆၅ ဦး သေဆုံး၍ ၃၀၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအခြေအနေများအရ စစ်ကော်မရှင်အနေဖြင့် လူစုလူဝေး နေရာများကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ပိုမိုလုပ်လာနိုင်သောကြောင့် လူစုလူဝေး ပြုလုပ်ရာတွင် လေကြောင်းရန် သတိပြုရေး တိုက်တွန်းကြောင်း MDSI ၏ စစ်ဘက်သုတေသနတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးက သုံးသပ်ပြောဆိုသည်။

“အဲဒါကြောင့်မို့ ဘာသာရေးပွဲ၊ အလှူမင်္ဂလာပွဲ၊ အခမ်းအနား စတာတွေအပါအဝင် လူစုလူဝေး ပြုလုပ်ရတာမျိုးတွေမှာ လေကြောင်းရန် သတိပြုကြဖို့၊ အတတ်နိုင်ဆုံး လူစုလူဝေးအခမ်းအနား ပြုလုပ်တာ ရှောင်ကြဖို့ တိုက်တွန်းလိုပါတယ်” ဟု CDM ဗိုလ်မှူးနောင်ရိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်က အဓိကပစ်မှတ်ထား၍ တိုက်ခိုက်ခဲ့သော မြန်မာပြည်အလယ်ပိုင်း ဒေသများမှာ မကွေးတိုင်းရှိ ငါးမြို့နယ်၊ စစ်ကိုင်းတိုင်းရှိ ခုနှစ်မြို့နယ်နှင့် မန္တလေးတိုင်းရှိ ငါးမြို့နယ်တို့ဖြစ်ပြီး ရှမ်းမြောက်တွင်မူ နမ္မတူ၊ မိုင်းလုံ၊ သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်နှင့် မိုးမိတ်မြို့တို့ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကျန်ဒေသများအနေဖြင့် ပဲခူး၊ တနင်္သာရီ၊ ချင်း၊ ရခိုင်၊ ကချင်၊ မွန်၊ ကရင်၊ ကရင်နီနှင့် ဧရာဝတီတို့တွင် လေ ကြောင်းတိုက်ခိုက်မှုများ စစ်ကော်မရှင်က လုပ်ဆောင်ပြီး ဂျက်တိုက်လေယာဉ် (Jet Fighter) များကို အဓိကအသုံးပြု၍ အခြားလေယာဉ် အမျိုးအစားလည်း တွေ့ရှိရကြောင်း MDSI ထံက သိရသည်။

စစ်ကော်မရှင်သည် ထိုသို့တိုက်ခိုက်မှုများပြုလုပ်ရာတွင် Jet Fighter ကဲ့သို့သော သမားရိုးကျ လေကြောင်းတိုက်ခိုက်မှုများအပြင် Paramotor၊ Gyrocopter ကဲ့သို့သော ကုန်ကျစရိတ်သက်သာပြီး အလွယ်တကူ အသုံးပြုနိုင်သည့် စက်လေယာဉ်များ ပိုမိုအသုံးပြုလာသဖြင့် အချိန်၊ နေရာမရွေး တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိရသည်။

ယင်းအပြင် ညအချိန်နှင့် လူစုဝေးရာ ပွဲလမ်းသဘင်များ (သီတင်းကျွတ်ပွဲကဲ့သို့)ကို တိုက်ခိုက်ခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်နယ်မြေရှိ ပြည်သူလူထု၏ ပုံမှန်လူနေမှုဘဝကို နေထိုင်၍မရအောင် (သို့မဟုတ်) လုံခြုံမှုခံစားချက် လုံးဝ ပျောက်ဆုံးသွားအောင် လုပ်ဆောင်နေခြင်းဖြစ်ဟု သိရသည်။

ထို့အတူ အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှု (Mass Casualties) ဖြစ်စေရန် ‘ရည်ရွယ်ချက်ရှိရှိ’ ပစ်မှတ်ထားခြင်းဖြစ်သည်ကို ပိုမိုထင်ရှားစေ၍ လေကြောင်းတိုက်ခိုက်များသည်လည်း အရပ်သားများ ထိခိုက်နိုင်သည့် နေရာများပါ ပစ်မှတ်ထားလုပ်ဆောင်ခဲ့ကြောင်း MDSI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-MOI