ဧရာဝတီတိုင်းမ်
(ဖြူး)၊ နိုဝင်ဘာ ၆ ရက်
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ မန်ကျည်းကုန်းတောင်ရွာသို့ ယနေ့ နိုဝင်ဘာ ၆ ရက်နေ့၊ နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ Gyrocopter(ဂျာရိုကော်ပတာ) များ အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဂျာရိုကော်ပတာ နှစ် စီးဖြင့် ဒေသခံများကို အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်ပြီးအပြန်တွင် တစ်စီးမှာ ပျက်ကျခဲ့သည့်အတွက် လိုက်ပါလာသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်နှစ် ဦးသေဆုံးခဲ့ကြောင်းလည်း သိရသည်။
“ဗုံးကြဲပြီးတော့အပြန်လမ်းမှာ ဖြူးဘက်ကိုပြန်အလှည့်မှာပျက်ကျသွားတာ တံခွန်တိုင်ရွာဝန်းကျင်နားမှာ နှစ်ယောက်လုံးသေပါတယ်” ဟု ပဲခူးတိုင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် အဆိုပါဂျာရိုကော်ပတာများဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုများကြောင့် မန်ကျည်းတောင်ရွာမှ ဦးမောင်ငယ်(၅၅ နှစ်)မှာ ဝမ်းဗိုက်ပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး ဒေသခံနေအိမ် အဆောက်အဦ ခြောက်လုံး ပျက်စီးခဲ့ရကြောင်းလည်း ပဲခူးတိုင်းစစ်ဌာနထံက သိရသည်။
စစ်ကော်မရှင်သည် လက်ရှိတွင် လေကြောင်းတိုက်ခိုက်မှုအများစုကို လေယာဉ်အသုံးပြုခြင်းထက် ပါရာမော်တာများ၊ ဂျာရိုကော်ပတာများ၊ ဒရုန်းများအသုံးပြုကာ တိုက်ခိုက်ခြင်းများပြုလုပ်လာခြင်းဖြစ်သည်။
စစ်ကော်မရှင်က အရပ်သားများကိုပစ်မှတ်ထား ပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်မှ ၃၀ ရက်အတွင်း အရပ်သား ၅၅ ဦးအထိသေဆုံးခဲ့ပြီး ၉၀ ဦးအထက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – ပဲခူးတိုင်းစစ်ဌာန