(ဟားခါး)၊ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ Loklung ကျေးရွာရှိ ချင်းကာကွယ်ရေးတပ် (ဟားခါး) ဂိတ်ကို စစ်ကော်မရှင်မှ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်၍ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ချင်းတော်လှန်ရေး တပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။

ဟားခါးမြို့နှင့် ၉ မိုင်ခန့်ဝေးသည့် ဟားခါး-မတူပီ လမ်းပေါ်ရှိ Loklung ရွာ CDF-Hakha ဂိတ်ကို ယမန်နေ့ နိုဝင်ဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကော်မရှင်မှ အလစ်ငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဟားခါးမြို့ ရုန်တောင် ခလရ -၂၆၆ တပ်ရင်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးပြီး Loklung ရွာက CDF-Hakha လုံခြုံရေးဂိတ်ကို အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်သွားတာပါ။ သူတို့က လာပစ်ပြီး သူတို့ကပဲ တပ်ပြန်ဆုတ်သွားပါတယ်။ CDF ဘက်ကတော့ ရဲဘော်တစ်ဦး ကျဆုံး သွားပါတယ်”ဟု CDF-Hakha နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ကော်မရှင်၏ ပစ်ခတ်မှုကြောင့် Loklung ကျေးရွာရှိ ဒေသခံများသည် ဘေးလွတ်ရာသို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိတွင် မည်သည့်ပစ်ခတ်မှုမှ မရှိသေးကြောင်း သိရသည်။

စစ်ကော်မရှင်တပ်သည် ရွေးကောက်ပွဲနီးလာသည့်အတွက် ဟားခါးမြို့တွင် လေကြောင်းဖြင့် တပ် အင်အားဖြည့်တင်းမှုများရှိသလို မြို့တွင်း လုံခြုံရေးကိုလည်း တင်းကျပ်ထားပြီး မြို့အနီး ကျေးရွာ များသို့လည်း ရံဖန်ရံခါ စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

“အရင်ရက်တွေက လေယာဥ်တွေလာတယ်။ တပ်အင်အားတွေဖြည့်တယ်။ မြို့ထဲမှာလည်း အခုရက်ပိုင်း ကားတွေ၊ ဆိုင်ကယ်တွေ စစ်ဆေးမှုကြမ်းတယ်။ ညဘက်ဆိုလည်း လုံခြုံရေး ကင်းတွေပတ်တယ်။ တစ်ခါတလေ မြို့အနီးနာရွာတွေဘက်မှာ စစ်ကြောင်းတွေထိုးတယ်။ မြို့ထဲလည်း လုံခြုံရေး တင်းကျပ် ထားတယ်”ဟု ဟားခါးမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

CDF-Hakha ကလည်း လာမည့် ဒီဇင်ဘာလတွင် ကျင်းပမည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ကာလအတွင်း သုံးလကျော်ကြာ ညမထွက်ရ အမိန့် ကို ထုတ်ပြန်ထားသည်။