ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
စစ်ကော်မရှင်လက်အောက်ခံ ဧရာဝတီတိုင်း၊ တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟ၏ အဓမ္မ စေလွှတ်ခံရမှုဖြင့် ငှက်ဖျားဆေးဖြန်းသွားရသည့် Non-CDM ဝန်ထမ်းတစ်ဦး ရေစီးနှင့်အတူ မျောပါကာ ရေနစ်သေဆုံးသွားကြောင်း ဒေသခံများနှင့် ဝန်ထမ်းများထံမှ သိရသည်။
သေဆုံးသူမှာ တိုင်းငှက်ဖျားဝန်ထမ်း ဦးသီဟအေးလွင် ကြီးကြပ်-၂ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့က ငပုတောမြို့နယ် မော်တင်ကားလမ်းတစ်လျှောက်တွင် ငှက်ဖျားဆေးဖြန်းစဉ် စမ်းချောင်းရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
စမ်းချောင်းရေစီးနှင့်အတူ မျောပါသွားခဲ့သူ ဦးသီဟအေးလွင်၏ ရုပ်အလောင်းကို ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့တွင် ဒေသခံများ၏ ရှာဖွေမှုဖြင့် တွေ့ရှိခဲ့ကြောင်း သိရသည်။

“ငပုတော မော်တင်လမ်းကြောင်းမှာ ဝန်ကြီးခရီးစဉ်ရှိလို့ ဝန်ကြီးကို ဖားယားဖို့ တိုင်းရုံးကနေ ငှက်ဖျားဆေးဖြန်းလွှတ်တယ်။ သူ့လက်ထက်မှာ ငှက်ဖျားကင်းစင်ကြောင်းပြချင်တာ။ ဝန်ထမ်းတွေကို အလှည့်ကျစနစ်နဲ့ ထောက်ပံ့မှုမပေးဘဲ လွှတ်တယ်။ အဲဒီမှာပဲ မိုးများနေတဲ့ရက် လွှတ်တော့ အခုလို သေတဲ့အထိဖြစ်လာရတယ်” ဟု ဧရာဝတီတိုင်းကျန်းမာရေးဦးစီးဌာနရှိ Non-CDM ဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေဆုံးသွားသည့် ဦးသီဟအေးလွင်နှင့် ပတ်သက်၍ တိုင်းကျန်းမာရေးဌာနက တစ်စုံတစ်ရာ ထောက်ပံ့မှု၊ တာဝန်ယူမှုမရှိဘဲ မိသားစုဝင်များကသာ တာဝန်ယူခဲ့ရ ကြောင်း ဒေသခံများက ပြောဆို သည်။
ထို့အပြင် တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟသည် ဝန်ထမ်းများအား ၎င်းရေးသားခိုင်း သည့်အတိုင်း ထူးခြားဖြစ်စဉ်ကို ရေးသားခိုင်းသည် ဟု Non-CDM ဝန်ထမ်းများထံမှ သိရသည်။
တိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟသည် တိုင်းရုံးရှိ Non-CDM ဝန်ထမ်းများကို နေ့စဉ် ဆဲရေးတိုင်းထွာပြီး ၎င်းမျက်နှာရရေးအတွက် အကြောင်းအမျိုးမျိုးပြ၍ မကြာခဏ အလုပ်ထုတ်ပယ် လေ့ရှိကြောင်းလည်း Non-CDM ဝန်ထမ်းများက ဆိုသည်။
ဓာတ်ပုံ-ပေးပို့