“မြန်မာနိုင်ငံရဲ့လိုအပ်ချက်ကြီးမားတဲ့ဒေသတွေမှာ ကူညီနေပါတယ်”
အပြည်ပြည်ဆိုင်ရာကြက်ခြေနီ ကော်မတီ (ICRC)နှင့် ဆက်သွယ်မေးမြန်းခြင်း
======
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၆ ရက်
ယနေ့ နိုဝင်ဘာ ၆ ရက်နေ့ဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ”အပြည်ပြည်ဆိုင်ရာ စစ်ပွဲနှင့် စစ်ရေးပဋိပက္ခအတွင်းအမြတ်ထုတ်မှုကာကွယ်ရေးနေ့” ဖြစ်ပါတယ်။
စစ်ပွဲကြောင့် ဒုက္ခရောက်ရတဲ့ ပတ်ဝန်းကျင်နှင့် အရပ်သားများအပေါ် လူသားချင်းစာနာမှု အကူအညီများ ပေးနေတဲ့ အဖွဲ့အစည်းများကို ပိုမို သိရှိစေရန်အတွက် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအကြောင်းကို ဧရာ၀တီတိုင်းမ်သတင်းဌာနက တင်ဆက် ပေးသွားမှာ ဖြစ်ပါတယ်။
ICRC ဟာ စစ်ပွဲတွေနဲ့ အခြား အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်နေသူတွေရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ၁၈၆၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ ICRC ဟာ ဘက်လိုက်မှုကင်းပြီး လွတ်လပ်တဲ့ လူသားချင်းစာနာမှု အဖွဲ့အစည်းဖြစ်ပြီး ဂျီနီဗာ သဘောတူညီချက် (Geneva Conventions)မှာပါဝင်တဲ့ အခြေခံမူတွေအတိုင်း လုပ် ဆောင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ICRC အနေနဲ့ မြန်မာနိုင်ငံမှာလုပ်ကိုင်ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဧရာ၀တီတိုင်းမ် သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
ဧရာဝတီတိုင်းမ်-မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ရဲ့ အဓိက လုပ်ငန်းတွေက ဘာတွေလဲ၊ လက်ရှိပဋိပက္ခမှာ ဘယ်သူတွေကို အဓိက အကူအညီပေးနေပါသလဲ ဆိုတာသိချင်ပါတယ်။
ICRC။ ။အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ဟာ ဘက်လိုက်မှုကင်းပြီး လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခုပါ။ ICRC ရဲ့ အဓိကတာဝန်ကတော့ စစ်ပွဲနဲ့ အခြား အကြမ်းဖက်မှုတွေကြောင့် ဒုက္ခရောက်ရတဲ့ ရပ်ရွာလူထုတွေရဲ့ အသက်နဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့နဲ့ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ပါပဲ။ ဂျီနီဗာ သဘောတူညီချက်တွေနဲ့အညီ ဆယ်စုနှစ်များစွာ လုပ်ဆောင်လာခဲ့တာပါ။
ဧရာဝတီတိုင်းမ်- လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်သူ (စစ်ကော်မရှင်တပ်၊ တော်လှန်ရေးအဖွဲ့တွေ ၊EROs ) တွေကို နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဥပဒေ (IHL) ကို လေးစားလိုက်နာဖို့ ဘယ်လိုပြောဆိုစည်းရုံးပါသလဲ။
ICRC။ ။ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ တိုက်ရိုက်တွေ့ဆုံပြီး အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားတဲ့ ဆွေး နွေးမှုတွေ လုပ်ပါတယ်။ ဒီလို ဆွေးနွေးမှုတွေဟာ IHL ရဲ့ ခွဲခြားမှုမရှိခြင်းနဲ့ ဘက်လိုက်မှုကင်းခြင်း စတဲ့ အခြေခံမူတွေကို ပိုသိလာစေဖို့၊ လိုက်နာမှု ပိုရှိလာစေဖို့ ရည်ရွယ်ပြီး အရပ်သားတွေ ထိခိုက်မှု လျော့ကျအောင် ကူညီတာပါ။
ဧရာဝတီတိုင်းမ်-အကူအညီပေးတဲ့အခါမှာ ဘက်မလိုက်ဘူး၊ လွတ်လပ်တယ် ဆိုတဲ့ မူကို ဘယ်လိုမျိုး တိတိကျကျ ကျင့်သုံးပါသလဲ။ နွေဦးတော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေရော ပါပါသလား။
ICRC။ ။ ICRCရဲ့ အထောက်အပံ့တွေဟာ နိုင်ငံရေး၊ လူမျိုးရေး သို့မဟုတ် ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ မြေပြင်က လိုအပ်ချက် သီးသန့်ကိုပဲ အခြေခံပြီး ပေးပါတယ်။ ICRC ဟာ မြန်မာနိုင်ငံရဲ့ နေရာတော် တော်များများမှာ လုပ်ငန်းဆောင်ရွက်ပြီး လိုအပ်ချက်ကြီးမားတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မြောက်ပိုင်း၊ အနောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ အဓိကထား ဆောင်ရွက်နေပါတယ်။
ဧရာဝတီတိုင်းမ်- စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကျဉ်းထောင်တွေထဲမှာ ဆေးဝါးမလုံ လောက်တာ၊ သေဆုံးတာတွေအတွက် ICRC ရဲ့ လုပ်ငန်းစဉ်က ဘာလဲခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်လို နိုင်ငံရေးအကျဉ်းသားတွေအတွက်ပါ ကူညီနိုင်ပါသလား။
ICRC။ ။ICRC ရဲ့ လုပ်ဆောင်မှုက မည်သည့်အကြောင်းကြောင့် အကျဉ်းကျသည်ဖြစ်စေ အကျဉ်းသား အားလုံး အတွက် လူသားဆန်တဲ့ ဆက်ဆံမှုတွေရဖို့၊ သင့်တော်လုံလောက်တဲ့ နေထိုင်မှုအခြေအနေတွေ ရရှိစေဖို့ လုပ်ဆောင်တာပဲ ဖြစ်ပါတယ်။ အတွင်းရေးကိစ္စအဖြစ် ထိန်းသိမ်းထားရှိရမယ့်အရာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ နှစ်ဦးနှစ်ဖက်ဆွေးနွေးခြင်း နည်းလမ်းနဲ့ ဆောင်ရွက်ပါတယ်။ အကျဉ်းသားတစ်ဦးချင်းစီနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် ပြောဆိုတာမျိုး မလုပ်နိုင်ပါဘူး။ ဒါဟာ အကျဉ်းသားတွေအတွက် လက်တွေ့ကျတဲ့ လူသားချင်းစာနာမှု အကျိုးရလဒ်တွေ ရဖို့ အထိရောက်ဆုံး နည်းလမ်း ဖြစ်ပါတယ်။
ဧရာဝတီတိုင်းမ်-အကျဉ်းသားတွေကို မိသားစုနဲ့ ထောင်ဝင်စာတွေ့ဖို့ ဘယ်လောက်အထိ ကူညီပေး နိုင်ခဲ့လဲခင်ဗျ။
ICRC။ ။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မှာဆိုရင် လူပေါင်း ၁,၆၀၄ ဦး ကို ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဆွေမျိုးတွေဆီ ထောင်ဝင်စာ တွေ့နိုင်ဖို့ ကူညီပေးခဲ့ပါတယ်။ အကျဉ်းကျခံရာက ပြန်လည်လွတ်မြောက်လာသူ ၃,၃၉၈ ဦး ကိုလည်း နေအိမ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ ထောက်ပံ့ ပေးခဲ့ပါတယ်။
ဧရာဝတီတိုင်းမ်- မြေမြှုပ်မိုင်း အန္တရာယ်ရှိတဲ့ ဒေသတွေက အရပ်သားတွေအတွက် ဘေးအန္တရာယ် ကာကွယ်ရေး ပညာပေး အစီအစဉ်တွေရော ဘယ်လို ဆောင်ရွက်နေပါသလဲ။
ICRC။ ။မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကို ပေါက်ကွဲစေတတ်တဲ့ စစ်ကျန်လက်နက်တွေရဲ့ အန္တရာယ်နဲ့ ပတ်သက်တဲ့ အသိပညာပေးပွဲတွေ လုပ်နိုင်အောင်အတွက် ICRC အနေနဲ့ ပံ့ပိုးကူညီပါတယ်။ အန္တရာယ်ရှိတဲ့နေရာတွေ၊ မပေါက်ကွဲသေးတဲ့ လက်နက်တွေကို ရှောင်ရှားနိုင်စေဖို့ လူထုကို အသိပညာပေးပြီး ထိခိုက်မှု အန္တရာယ်ကို လျှော့ချဖို့ ရည်ရွယ်ပါတယ်။
ဧရာဝတီတိုင်းမ်- မိုင်းပေါက်ကွဲမှုဒဏ်ကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားသူတွေအတွက် ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေကိုရော ဘယ်လိုထောက်ပံ့ပေးပါသလဲ။
ICRC။ ။ ၂၀၂၅ ခုနှစ် ပထမခြောက်လပတ်မှာဆိုရင် ပေါက်ကွဲမှုဒဏ်ခံရတဲ့ လူပေါင်း ၉၁၈ ဦး ကို ကိုယ်ကာယ ပြန်လည်သန်စွမ်းရေး အစီအစဉ်တွေနဲ့ ပံ့ပိုးပေးနိုင်ခဲ့ပါတယ်။ ဒီထဲမှာ ခြေတု ၁,၇၀၀ ကျော် ထုတ်လုပ်ပေးတာအပြင် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးတာတွေလည်း ပါဝင်ပါတယ်။
ဧရာဝတီတိုင်းမ်- အချိန်ပေးပြီး ဖြေကြားပေးတာ ဧရာဝတီတိုင်းမ်အနေနဲ့ အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။