ကိုမိုင်း/ဧရာဝတီတိုင်းမ်
(မူဆယ်)၊ အောက်တိုဘာလ ၂၁ ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်မြို့၊ စွမ်စော် ရပ်ကွက်တွင်ရှိသည့် ‌မြို့မပြည်သူ့စစ်ခေါင်းဆောင်၏ နေအိမ်မှာ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက်အစောပိုင်း၌ လက်နက်ကိုင်တပ်ဖွဲ့တစ်ခု၏ ပစ်ခတ် တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ မနက် ၄နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ မြို့မပြည်သူ့စစ် ခေါင်းဆောင်၏ နေအိမ်၌ ဖွင့်လှစ်ထားသည့် ပြည်သူ့စစ်ရုံးအားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက အတည်ပြုပြောဆိုသည်။

“မနက် ၄နာရီလောက်မှာ ‌သေနတ်သံတွေ စကြားတယ်။ စွမ်စော် ၅လမ်းမှာ ရှိတဲ့ မြို့မပြည်သူ့စစ်ခေါင်းဆောင်ရဲ့အိမ်လို့ ပြောတယ်။ ရုံးလည်းဟုတ်တယ်။ သူတို့ခေါင်းဆောင် နာမည်တော့ မသိဘူး။ အသေအ‌ပျောက်လည်း မသိဘူး။ ရပ်ကွက်ထဲက ဇရပ်နဲ့ လူထုရဲ့ အိမ်တချို့တော့ ထိခိုက်တာရှိတယ်။ ‌လက်နက်ငယ်အသံ ငြိမ်သွားတော့ လက်နက်ကြီးပစ်သံတွေ တစ်ဖက်သက် ပစ်နေတာ ထပ်ကြားနေရတယ်”ဟု မူဆယ်မြို့ခံအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မြို့မပြည်သူ့စစ်ရုံး ပစ်ခတ်တိုက်ခိုက်မှုကို TNLAတပ်ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ယူဆကြောင်း ဒေသခံအချို့က ဆိုသည်။

သို့သော်သော်လည်း အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သတ်ပြီး TNLA ဘက်မှ သတင်းတစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိသေးသည့်အတွက် အတည်ပြုနိုင်ခြင်းမရှိသေးပေ။

” မူဆယ်မှာက လောင်းကစား၊ မူးယစ်ဆေးဝါးတွေပေါတော့ ဒုစရိုက်မှုတွေ ခဏခဏဖြစ်တယ်။ လက်နက်ကိုင်တွေများတော့ ပစ်ခတ်မှုတွေ ဗုံးပေါက်တာတွေ ခဏခဏဖြစ်တယ်။ ဒီမနက်ဖြစ်တဲ့ ပစ်ခတ်မှုက TNLAအဖွဲ့က လာပစ်တာလို့တော့ပြောတယ်။ အဲဒီ မြို့မပြည်သူ့စစ်က စစ်ကောင်စီနဲ့အတူ မြို့အတွင်း လုံခြုံရေးတွေ လိုက်လုပ်တယ်”ဟု မြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

မူဆယ်မြို့တွင် စစ်ကောင်စီတပ်နှင့်လက်အောင်ခံပြည်သူ့စစ်များအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်သည့် TNLA ၊ RCSS၊ SSPP၊ KIAနှင့် MNDAA တို့အပြင် PDFများလည်း ဝင်ထွက်သွားလာလှုပ်ရှားလျက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။