
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၂၁ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ ပုသိမ်အကျဥ်းထောင်မှာ အောက်တိုဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းက စတင်ပြီး ထောင်၀င်စာပေးပို့မှုကို ရက်အကန့်သတ်မရှိ ပိတ်လိုက်တယ်လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
“အင်းစိန်ထောင်မှာ ဗုံးပေါက်တဲ့ ဖြစ်စဥ်ဖြစ်ပြီး နေ့လည်ပိုင်းမှာပဲ ပုသိမ်ထောင်ကိုစစ်ကား ၂ စီး ရောက်လာပြီး ထောင်၀င်စာတွေပိတ်ဖို့စာလာပေးတာပဲ။ မြန်မာတစ်နိုင်ငံလုံးက ထောင်တွေအကုန်ပိတ်တယ်လို့ကြားတယ်”လို့ အကျဥ်းဦးစီးဌာနနဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ စစ်ကောင်စီက မတရားစွပ်စွဲဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေအနေနဲ့ မိသားစုတွေ ပို့တဲ့ထောင်၀င်စာ အစားအသောက်တွေကို မျှဝေစားသုံးနေရတာဖြစ်ပြီး နိုင်ငံရေးအကျဥ်းသားအများစုဟာ ခုလို ထောင်၀င်စာပိတ်လိုက်တာကြောင့် စားသောက်ရေအတွက် အခက်တွေ့နေရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ၂၂ရက်နေ့က ပုသိမ်အကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိန်းထားတဲ့ နိုင်ငံရေးအကျဥ်းသားတွေအပေါ် မိသားစုတွေက ပေးပို့လာတဲ့ ထောင်၀င်စာတွေကို ကန့်သတ်လိုက်တာကြောင့် အကျဥ်းသားတွေက ဆန္ဒဖော်ထုတ်ခဲ့ပြီး ထောင်တာ၀န်ရှိသူတွေကညှိနိူင်းဆောင်ရွက်ပေးခဲ့ရတယ်လို့ သိရပါတယ်။
ထောင်ဝင်စာ အပိတ်မခံရမှီက ပုသိမ်အကျဥ်းထောင်ရှိနိုင်ငံရေးအကျဥ်းသားများထံသို့ တစ်ပတ်ကို အင်္ဂါ၊ဗုဒ္ဓဟူး၊ကြာသာပတေး ၃ ရက် ထောင်ဝင်စာရက်သတ်မှတ်ကာ တစ်ဦးကို ဟင်း ၅ ဘူး သာပို့ရပြီး၊ ထောင်ဝင်စာပို့သူရဲ့ မှတ်ပုံတင်၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာစတဲ့ ကိုယ်ရေးအချက်လက်တွေကိုပေးပြီးမှသာ ထောင်ဝင်စာပို့ရတာလို့ နိုင်ငံရေးအကျဥ်းသားတစ်ဦးရဲ့မိသားစု၀င်တစ်ဦးက ဆိုပါတယ်။
ပုသိမ်အကျဥ်းထောင်မှာ ပုသိမ်ခရိုင်အတွင်းမှ နိုင်ငံရေးအကျဥ်းသား အမျိုးသား ၃၀၀ ကျော် နဲ့ အမျိုးသမီး ၇၀ ကျော် ရှိနေပြီး ထောင်တွင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခြင်းကိုခံရတဲ့ နိုင်ငံရေးအကျဥ်းသား ၁၀၀ကျော်အထိရှိပြီလို့ အကျဥ်းဦးစီးဌာနနဲ့နီးစပ်သူများထံက သိရပါတယ်။