နိုဝင်ဘာ ၁၀ ရက်
ဧရာဝတီတိုင်းမ်
ရွေးတုအစိုးရသည် ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်၍ ပြည်တွင်းရှိ ၎င်းတို့ အသိအမှတ်ပြု အရပ်ဘက် လူမှုအဖွဲ့အစည်းများကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံကာ နွယ်ရာစိမ်း တော်လှန်နေသည့် တိုင်းရင်း သားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) မကောင်းကြောင်း စွပ်စွဲ ပြောဆိုခဲ့သည်။
အာဏာသိမ်း ရွေးတုအစိုးရ၏ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) သည် ယမန်နေ့ နိုဝင်ဘာ ၉ ရက်နေ့က နေပြည်တော်တွင် အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် စွပ်စွဲပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အချို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဟာ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချတာ၊ သဘာဝ သယံဇာ တတွေ တူးဖော်တာ၊ နယ်စပ်ဖြတ်ကျော် မှုခင်းမျိုးစုံကို ကျူးလွန် ဖောက်ဖျက်တာ စတာတွေနဲ့ ရပ်တည်ချက်အတွက် လုပ်ကိုင်နေတယ်” ဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့်က ပြောဆိုခဲ့သည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် ရွေးတုအစိုးရခန့် ကာကွယ်ရေးဝန်ကြီးနှင့် NSPNC ဥက္ကဋ္ဌလည်း ဖြစ်ပြီး အဆိုပါ တွေ့ဆုံမှုမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ၎င်းတို့ ဆောင်ရွက်နေမှုများကို အရပ်ဘက် လူမှုအဖွဲ့အစည်းများ သိရှိစေရန် ရှင်းလင်းပြသခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ဝါဒဖြန့် သတင်းစာများတွင် ဖော်ပြထားသည်။
ထို့ပြင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသည့် ပြည်သူလူထု၏ ခုခံတော်လှန်မှုများကို အပြစ် တင်ကာ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးဆိုင်ရာများ ဆုတ်ယုတ်လာသဖြင့် ပြည်သူလူထုက လက်ခံနိုင်ခြင်းမရှိတော့ဘဲ တည်ငြိမ်အေးချမ်းမှုကို လိုလားနေသည်ဟုလည်း ဆက်လက် ဝါဒဖြန့် ခဲ့သည်။
ယင်းကြောင့် အရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် မိမိတို့ အဖွဲ့အလိုက် ဆောင်ရွက်နေသည့် လုပ်ငန်း စဉ်များကို အခြေခံကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက် ပေးစေလိုကြောင်း စည်းရုံး ပြောဆိုခဲ့သည်။
သို့သော် လက်ရှိတွင် ရွေးတုအစိုးရ စစ်တပ်သည် နယ်မြေ စစ်ရှုံးလာသည့် ဒေသများတွင် စစ်ရေး ပစ်မှတ် မဟုတ်သော စာသင်ကျောင်း၊ ဆေးရုံနှင့် အပြစ်မဲ့ ပြည်သူများရှိရာ နေရာများကို လေကြောင်းမှ အရှိန်အဟုန်မြှင့် ဗုံးကြဲ တိုက်ခိုက်လျက်ရှိပြီး ၎င်းတို့၏ ငြိမ်းချမ်းရေး အမည်ခံ NSPNC အဖွဲ့ကလည်း အပစ်ရပ် အဖွဲ့အချို့နှင့် ဟန်ပြ ဆွေးနွေးမှုများ ပြုလုပ်ပြနေခြင်း ဖြစ်သည်။
အလားတူ စစ်ရာဇဝတ်မှု အကြမ်းဖက် လုပ်ရပ်များ၊ မူးယစ်ဆေးဝါး ထုတ်လုပ် ရောင်းချမှု၊ သဘာဝ သယံဇာတ တရားမဝင် တူးဖော်မှုနှင့် ကျားဖြန့် (ခ) အွန်လိုင်း လိမ်လည်မှု ဂိုဏ်းများကို ရွေးတုအစိုးရနှင့် ပူးပေါင်း ထိတွေ့ဆက်ဆံနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ကသာ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း မြေပြင် သတင်းရင်းမြစ်များထံမှ သိရသည်။