ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ တိုင်းပြည်အတွင်းမှ ဆက်တိုက် ထွက်ခွာနေ၍ ရွေးတု အစိုးရက သွင်းကုန်/ ပို့ကုန် လုပ်ငန်းများနှင့် ပတ်သက်၍ ယခုရက်ပိုင်းအတွင်း မူဝါဒဆိုင်ရာ ဖြေလျှော့မှုအချို့ကိုအလျင်စလို ပြုလုပ်လာသည်။
ရွေးတုအစိုးရလက်အောက်ရှိ ဗဟိုဘဏ်က လက်ရှိတွင် ပို့ကုန် တင်ပို့သူများအတွက် နိုင်ငံခြားဘဏ် စာရင်းထဲ၌ ပို့ကုန်ရငွေကို ရက် ၃၀ ထားရှိခွင့် သတ်မှတ်ချက်မှ ၄၅ ရက်အထိ ၁၅ ရက် တိုးမြှင့်ပေးလိုက်ကြောင်း ယမန်နေ့ နိုဝင်ဘာ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ပို့ကုန် တင်ပို့သူ (Exporter) များအနေဖြင့် ပို့ကုန်ရငွေအနက်မှ ကိုယ်တိုင် သုံးစွဲနိုင်မည့် ပမာဏကို ဘဏ်စာရင်းတွင် ထားရှိနိုင်မည့်ရက် တိုးမြှင့်လိုက်ခြင်းကြောင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းနှင့် ပြည်ပသို့ ငွေပေးချေရာတွင် အချိန် လုံလောက်သွားမည်ဖြစ်ကြောင်း ဆိုထားသည်။

ထို့ပြင် သွင်းကုန် တင်သွင်းသူ (Importer) များ လိုအပ်သော နိုင်ငံခြားငွေကို အချိန်မီ ရရှိစေရန်အတွက် သွင်းကုန်လိုင်စင် ရရှိပါက လိုင်စင်ပါ တန်ဖိုး၏ ၃၀ ရာခိုင်နှုန်း၊ သင်္ဘောတင် စာရွက်စာတမ်း အထောက်အထား (B/L) ရပါက ၄၀ ရာခိုင်နှုန်း၊ သွင်းကုန် ကြေညာလွှာ (ID) ရပါက ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းတို့ကို ဗဟိုဘဏ်က စိစစ်၍ အဆင့်ဆင့် ရောင်းချပေးသွားမည်ဟု ထုတ်ပြန်ထားသည်။
“အခုက လိုင်စင် ဘာမှ ချမပေးတော့ သွင်းကုန်တွေ ဘာပစ္စည်းမှ မရှိဘူး၊ ရောင်းစရာ မရှိဘူး။ ကျန်တဲ့ ပစ္စည်းလေးတွေ ရေရှည်ခံအောင် ထိန်းရောင်းနေရတာ။ လူသုံးကုန်ရော၊ လုပ်ငန်းသုံး ပစ္စည်းတွေရောပဲ။ အခု လိုင်စင် ချပေးတာဆိုလို့ ဆေးကုမ္ပဏီလောက်ပဲ ရသေးတယ်။ ဒါတောင် လိုအပ်သလောက် ဆေးဝယ်လို့ ရတာ မဟုတ်ဘူး။ သွင်းကုန်အတွက် နိုင်ငံခြားငွေ မြန်မြန် ရလာမယ်ဆိုပေမယ့်သူတို့ဆီမှာ နိုင်ငံခြားငွေ အဝင်ရှိမှပဲ အထွက်ကို မြန်မြန် ရမှာပါ” ဟု ပို့ကုန်/သွင်းကုန် ကိုယ်စားလှယ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ သွင်းကုန်များအတွက် နိုင်ငံခြားငွေကို ကြိုတင် ငွေပေးချေခွင့် ပြုလိုက်ခြင်းကြောင့် နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ယုံကြည်မှု တိုးတက်လာနိုင်ပြီး စက်ရုံကုန်ကြမ်းများနှင့် အရေးကြီး ကုန်ပစ္စည်းများ အချိန်မီ မှာယူနိုင်မည်ဟု ဗဟိုဘဏ်က ဆိုထားသည်။
သို့သော်လည်း ရွေးတုအစိုးရ၏ နိုင်ငံခြားငွေ အလွန်အမင်း ထိန်းချုပ်ထားမှု၊ ဌာနဆိုင်ရာအဆင့်ဆင့်၏ ရှုပ်ထွေးကြန့်ကြာလှသော လုပ်ထုံးလုပ်နည်းများနှင့် စည်းကမ်းချက်မျိုးစုံကြောင့် ပြည်တွင်း အထည်ချုပ် လုပ်ငန်းများအပြင် ပြည်တွင်း စားသောက်ကုန်နှင့် လူသုံးကုန်များကို ထုတ်လုပ် ဖြန့်ဖြူး နေသည့် နိုင်ငံတကာ ကွန်ဂလိုမရိတ် Unilever ကဲ့သို့ ကုမ္ပဏီကြီးများပင် တိုင်းပြည်မှ ထွက်ခွာရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်