ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရွေးတုအစိုးရ စစ်တပ်၏ တပ်စခန်းများနှင့် ထောက်ပံ့ တပ်ရင်းများကို အာရက္ခတပ်တော် (AA) က အရှိန်အဟုန်မြှင့် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် ရေချမ်းပြင်နှင့် ပါဒလိတ် တပ်ရင်းဝန်းကျင် အပါအဝင် နေရာအများအပြား၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
စစ်တပ်သည် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့နယ်အတွင်းသို့ တိုက်ပွဲများ ကူးစက် ပြန့်နှံ့လာခြင်း ဖြစ်သည်။
”မြို့နဲ့ မိုင်အနည်းငယ်အကွာထိ စစ်ရေး ရောက်လာပြီး ဒကစ အနီးကိုလည်း ညှပ်တိုက်လာတဲ့ သဘောပေါ့။ ဝါဘိုဘက်မှာလည်း လက်နက်ကြီးသံတွေ ဆက်တိုက် ကြားနေရတယ်” ဟု မြေပြင် သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် AA က ရေချမ်းပြင်ရှိ စစ်တပ် ကာကင်းစခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အင်အားအမြောက်အမြားဖြင့် အခိုင်အမာ တပ်စွဲထားသည့် ရေချမ်းပြင်အနီးရှိ ထောက်ပံ့တပ်ရင်းနှင့် အနီးဝန်းကျင် စခန်းများကို ဆက်လက် ထိုးစစ်ဆင်လျက် ရှိသည်။
AA ၏ ထိုးစစ်မှာ စစ်တွေမြို့နှင့် ၆ မိုင်ခန့်သာ ကွာဝေးသည့် ကျားမသောက်ကျေးရွာအထိ ရောက်ရှိ လာပြီး ပုဏ္ဏားကျွန်း ထိုးစစ်တွင် နောက်ပြန်ဆုတ်၍ ခြေကုတ်ယူထားရသည့် စစ်တပ်စခန်း ရှိရာ အမြင့်ကျွန်းကိုလည်း အပြင်းအထန် တိုက်ခိုက်လျက် ရှိသည်။
ထို့ပြင် စစ်တွေမြို့နယ် အမြင့်ကျွန်းတံတားအနီး၊ ကျားမသောက်ကျေးရွာအနီး၊ ရွှေမင်းဂံဆိပ်ကမ်း အနီးနှင့် ပါဒလိတ်တပ်ရင်း ဝန်းကျင်တို့တွင်လည်း ယမန်နေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။
ရွေးတုအစိုးရ စစ်တပ်ဘက်မှ စစ်တွေ-ရေချမ်းပြင် လမ်းမကြီးတစ်လျှောက်နှင့် စစ်တွေ-ပုဏ္ဏားကျွန်း လမ်းဆုံတို့၌ အမြောက်တပ်၊ ဆေးတပ်နှင့် အခြား တပ်ရင်းအများအပြား ဖြန့်ကျက်ထားသည့်အပြင် မြို့ပတ်လည်တွင် မိုင်းကွင်းများ ခင်းကာ မြို့ကို ခြံစည်းရိုး နှစ်ထပ် အခိုင်အမာ ခတ်ထားသည်။
တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသည့် ရေချမ်းပြင်ဝန်းကျင်သည် ရွေးတုအစိုးရ၏ ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အအုံနှင့် ၄ မိုင်နီးပါးခန့်သာ ကွာဝေးတော့သဖြင့် လုံခြုံရေးအရ လွှတ်တော်ကို အခြားနေရာသို့ ရွှေ့ပြောင်းကျင်းပရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ် များထံမှ သိရသည်။
အဆိုပါ ရေချမ်းပြင်တွင် ရွေးတုအစိုးရ စစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ-၂၇၀ တပ်စွဲထားပြီး ယခုလတ်တ လောတွင် အင်အားများ ထပ်မံတိုးချဲ့ကာ ကတုတ်ကျင်းများ တူး၍ မိုင်းများခင်းကာ ခုခံစစ် ပြင်ဆင်ထားကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)