ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

 

ထိုင်းနိုင်ငံရောက် လာအိုနှင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် (Work Permit) များကို သက်တမ်းတိုးပေးမည်ဖြစ်ပြီး မြန်မာစစ်ရှောင်စခန်းများမှ ဒုက္ခသည်များကိုလည်း အလုပ်လုပ်ကိုင်ခွင့် အခွင့်အရေးများကိုလည်း တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ဖော်ပြောဆိုသည်။

 

ထို့ပြင် လာမည့် ၂၀၂၇ ခုနှစ်၊ ဖေဖော်ဝါရီနှင့် မတ်လတို့တွင် အလုပ်လုပ်ကိုင်ခွင့်သက်တမ်းကုန်ဆုံးမည့် အလုပ်သမားများကိုလည်း ၂၀၂၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်းကို ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့ကပြုလုပ်ခဲ့သည့် နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုဆိုင်ရာမူဝါဒအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

နှစ်နိုင်ငံသဘောတူညီမှုစာချွန်လွှာ(MOU) ဖြင့်လာရောက်အလုပ်လုပ်ကိုင်နေပြီး လေး နှစ်သက်တမ်းပြည့်မည့် အလုပ်သမားအနေဖြင့်လည်း မိမိတို့နိုင်ငံတွင် ရက်ပေါင်း ၃၀ ပြန်လည်စောင့်ဆိုင်းရန် မလိုအပ်တော့ပဲ သတ်မှတ်ထားသည့်နယ်စပ်ဂိတ်များသို့သွားရောက် ဗီဇာရယူကာ ထိုင်းနိုင်ငံတွင်းသို့ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်သည်။

 

“MoU U-Turn” စီမံချက်အရ မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ မဲဆောက်နှင့် ရနောင်း နယ်စပ်ဖြတ်ကျော်ဂိတ်များမှတဆင့် ဗီဇာတုံးထုကာ ထိုင်းသို့ပြန်လည်ဝင်ရောက်နိုင်သည့်အတွက် အချိန်နှင့် ကုန်ကျစရိတ်များကို သက်သာစေမည်ဖြစ်ကြောင်း ထိုင်းအစိုးရကပြောဆိုခဲ့သည်။

 

တရားဝင်နေထိုင်ခွင့်မရှိသူများအတွက် ထုတ်ပေးသည့် ပန်းရောင်ကတ်(ဘတ်)ကိုလည်း တနှစ်တာကာလအချိန်ပေးကာ နေထိုင်အလုပ်လုပ်ခွင့်ပြုသွားမည်ဟုဆိုသည်။

ထို့ပြင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ဒုက္ခသည်စခန်းများမှ တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် စစ်ဘေးရှောင်များကိုလည်း အလုပ်လုပ်ခွင့်သက်တမ်း တစ်နှစ်မှ နှစ်နှစ်အထိ တိုးပေးခဲ့ပြီး အလုပ်ရှင်ပြောင်းလဲခွင့်၊ သက်တမ်းတိုးခွင့်နှင့် ထိုင်းနိုင်ငံတစ်ဝန်းလုံး၌ အလုပ်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရသည်။

 

မြန်မာစစ်ဘေးရှောင်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း ပိုမိုတိုးမြှင့်ပေးသွားမည်ဖြစ်ပြီး ဒုက္ခသည်စခန်းများရှိရာမြို့နယ်များတွင် အလုပ်လုပ်ခွင့်ပါမစ်မလိုပဲ အလုပ်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

အဆိုပါမူဝါဒများအားလုံးမှာ အစိုးရအဖွဲ့၏ အတည်ပြုချက်နှင့် ပြည်ထဲရေး၊ အလုပ်သမား ဝန်ကြီးဌာနတို့မှ နည်းဥပဒေများထုတ်ပြန်ပြီးမှသာ စတင်အသက်ဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။

 

ကိုးကား – Bangkok Post