ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
မြန်မာနိုင်ငံမှ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်မှာဖြစ်ပေမဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမျိုး မဟုတ်ရင်တော့ ထိုင်းနိုင်ငံမှာ လက်ခံထားမှာ မဟုတ်ဘူးလို့ ဝန်ကြီးချုပ် အနုတင်ချာန်ဗီရာကူးလ်က နိုဝင်ဘာ ၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေးအပြီး အစိုးရအဖွဲ့ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အနုတင်က အခုလို ပြောကြားခဲ့တာဖြစ်ပြီး ဒုက္ခသည်တွေ ဝင်ရောက်လာပါက ကူညီနိုင်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို ညွှန်ကြားထားတယ်လို့ ဆိုပါတယ်။
ဒီလို ကူညီပေးနိုင်ဖို့ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူးနဲ့ မဲဆောက်မြို့နယ် အာဏာပိုင်တွေ အပါအဝင် သက်ဆိုင်ရာ ဌာနအသီးသီးကို ညွှန်ကြားချက်တွေ ထုတ်ပြန်ထားပြီးပြီလို့ သိရပါတယ်။
စစ်ဘေးဒဏ်ကြောင့် ခိုလှုံခွင့် တောင်းခံလာသူတွေကို အခြေအနေ ပြန်လည်တည်ငြိမ်သွားပါက မြန်မာနိုင်ငံဘက် ပြန်လည်ပို့ဆောင်မယ်လို့ အနုတင်က ပြောပါတယ်။
လက်ရှိ အခြေအနေတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ဒုက္ခသည်တွေ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတာမျိုး မရှိသေးဘူးလို့ ဒုတိယကာကွယ်ရေးဦးစီးချုပ်က အစီရင်ခံထားတယ်လို့ ၎င်းက ဆိုပါတယ်။
NSC အနေနဲ့ နယ်စပ်ဒေသ လုံခြုံရေး အခြေအနေတွေကို သုံးသပ်ခဲ့ပြီးဖြစ်ရာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မဟုတ်ရင် ယာယီခိုလှုံခွင့်အတွက် လက်မခံဖို့ ဆုံးဖြတ်ထားပါတယ်။
ထိုင်းနိုင်ငံက လူသားချင်းစာနာမှု အကူအညီတွေကို ဆက်လက် ထောက်ပံ့ပေးသွားမယ်လို့ အနုတင်က ပြောပါတယ်။
အခုလို ပြောဆိုချက်တွေဟာ ထိုင်းနယ်စပ်နဲ့ နီးကပ်တဲ့ ကရင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲတွေ ပိုမို ပြင်းထန်နေချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း မြန်မာဘက်ခြမ်း တိုက်ပွဲတွေကြောင့် ကျည်ဆန်နဲ့ လက်နက်ကြီးကျည်အချို့ ထိုင်းပိုင်နက်ထဲ ကျရောက်ခဲ့လို့ နယ်စပ်လုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ထိုင်းအစိုးရအနေနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီတွေကို ပေးအပ်သွားမှာဖြစ်ပေမဲ့ ဒုက္ခသည်တွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် ပေး မပေး ဆိုတာကတော့ ကြုံတွေ့နေရတဲ့ ခြိမ်းခြောက်မှုအပေါ် အခြေခံပြီး စဉ်းစားသွားမယ်လို့ ဆိုပါတယ်။
နယ်စပ်ဒေသ လုံခြုံရေးကို အထူးဂရုစိုက် စောင့်ကြည့်နေပြီး နယ်စပ်တစ်လျှောက် တပ်ဖွဲ့ဝင်တွေကိုလည်း အဆင်သင့် ပြင်ဆင်ထားကြောင်း သိရပါတယ်။
မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါက နယ်စပ်ဒေသ အခြေအနေကို စနစ်တကျ စီမံခန့်ခွဲသွားမယ်လို့ ထိုင်းအာဏာပိုင်တွေက အတည်ပြုထားပါတယ်။
News: Khaosod English
Ref; THAILAND TO ALLOW MYANMAR REFUGEES IN ONLY IF LIVES ARE THREATENED: ANUTIN