ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

 

ပြည်သူများအတွက် အခြေခံဝန်ဆောင်မှုဖြစ်သော လျှပ်စစ်ဓာတ်အားကိုပင် အပြည့်အဝ ပေးနိုင်ခြင်းမရှိ၍ ရန်ကုန်အပါအဝင် မြို့ကြီးများတွင် အချိန်ခွဲတမ်းဖြင့် မီးဖြတ်တောက်နေရသည့် ရွေးတုအစိုးရသည် လျှပ်စစ်နှင့် စွမ်းအင် ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပြည်တွင်း လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံပြီး နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများအဖြစ် တက်လှမ်းရန် ဖိတ်ခေါ်ထားသည်။

 

ရွေးတုအစိုးရ၏ လျှပ်စစ်နှင့် စွမ်း အင်ဝန်ကြီး ဦးကိုကိုလွင်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က နေပြည် တော်တွင် ကျင်းပခဲ့သည့် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် နိုင်ငံသား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို အထူးအားပေးကြောင်း ဆွေးနွေးပွဲတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း လုပ်ငန်းရှင်များအနေဖြင့် အသေးစား ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင် (ဆိုလာ)၊ လေအား၊ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများအပြင် ကုန်းတွင်းနှင့် ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ ထုတ်လုပ်ခြင်း၊ မဟာဓာတ်အားလိုင်း တည်ဆောက်ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံကြရန် ဦးကိုကိုလွင်က ဆိုထားသည်။

 

သို့သော် လက်ရှိ မြေပြင်တွင် ရန်ကုန်မြို့အပါအဝင် မြို့ကြီးများ၌ လျှပ်စစ်မီးကို အလှည့်ကျ စနစ်ဖြင့် ပေးနေရပြီး ထိုသို့ အလှည့်ကျတွင်ပင် အချိန်အတိုင်း ရရှိခြင်းမရှိဘဲ အချိန်ကြို မီးဖြတ်တောက်လျက် ရှိသည်။

 

“လေးနာရီမီးလာ၊ လေးနာရီပြတ် ပြောထားပေမယ့် အခုက ပြတ်ချင်သလို ပြတ်နေတာ။ မနက် ၆ နာရီလောက် နိုးရင်ကို မီးက ပြတ်နေပြီ။ ညဆိုရင်လည်း မီးပြတ်တယ်။ ပြောရရင် တစ်နေ့ကို ၃ နာရီလောက်ပဲ မီးရတယ်။ အချိန်တွေ ခိုးသွားတာ” ဟု ရန်ကုန်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာလု စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်မီး ပုံမှန် ရရှိခြင်းမရှိသည့်အတွက် ငွေကြေး တတ်နိုင်သူများမှာ ဆိုလာစနစ်များကို အားထား တပ်ဆင်လာကြရသည်။ ယင်းအခြေအနေပေါ် မူတည်၍ အာဏာလု စစ်အုပ်စုသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် ဆိုလာပစ္စည်း တင်သွင်းမှုအပေါ် အခွန် ကင်းလွတ်ခွင့် ပေးခဲ့သည်။

 

စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရှယ်ယာပါဝင်ပိုင်ဆိုင်သည့် Venus Essential ကုမ္ပဏီနှင့် ၎င်းတိုက်ရိုက်ပိုင်ဆိုင်သည့် Golden Future Linkage ကုမ္ပဏီတို့သည် ရွေးတုအစိုးရ လက်ထက်တွင် ဆိုလာစီမံကိန်းများနှင့် တင်သွင်းခွင့် လိုင်စင်များကို အခွင့်ထူးခံ ရရှိခဲ့ကြပြီး ယင်းလုပ်ငန်းများသည် ၎င်း၏ စစ်ဘက်စီးပွားရေး ကွန်ရက်နှင့် တိုက်ရိုက် ဆက်စပ်လည်ပတ်နေကြောင်း ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းရင်းမြစ်များ၏ စုံစမ်းဖော်ထုတ်ချက်များအရ သိရသည်။

 

အောင်ပြည့်စုံသည် ဖခင်ဖြစ်သူ၏ ရာထူးဩဇာကို မလျော်ကန်စွာ အသုံးပြု၍ ဆိုလာကဏ္ဍ၊ ဆောက်လုပ်ရေး၊ အာမခံနှင့် ဆက်သွယ်ရေးကဏ္ဍ (Mytel) အပါအဝင် အကျိုးအမြတ် များပြားလှသည့် စီးပွားရေး လုပ်ငန်းများနှင့် စစ်ဘက်ဆိုင်ရာ ကန်ထရိုက်များကို ရယူ လုပ်ကိုင်နေသူ ဖြစ်သဖြင့် အမေရိကန် ပြည်ထောင်စုနှင့် ကနေဒါ နိုင်ငံတို့ အပါအဝင် နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှု ချမှတ်ခြင်းကို ခံထားရသူလည်း ဖြစ်သည်။

 

ထို့ပြင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မြန်မာ၊ ထိုင်းနှင့် ရုရှား သုံး နိုင်ငံ ပူးပေါင်း၍ ထားဝယ်ဒေသတွင် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MOU ရေးထိုးမည်ဟု ရွေးတုအစိုးရဘက်က ထုတ်ပြန်ထားသော်လည်း မြေပြင်တွင် လျှပ်စစ်ဓာတ်အားပေးရန် မလုံလောက်သည့် ပြဿနာကိုပင် ဖြေရှင်းနိုင်ခြင်းမရှိပေ။

 

ဓာတ်ပုံ – လျှပ်စစ်