ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်

ထိုင်းနိုင်ငံရောက် Bright Future မြန်မာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ရဲ့ ခေါင်းဆောင် ဆူရတ် ခေါ် ဝီရဆဲန်သောင်ကို ထိုင်းနိုင်ငံသား မှတ်ပုံတင် စာရွက်စာတမ်းတွေ ရယူဖို့ အထောက်အထားအတု ပြုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကန်ချနဘူရီ ခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

ဒေသခံ မှတ်ပုံတင်ရေးရာ အာဏာပိုင်တွေက သူ့ရဲ့ မွေးစာရင်းကို ပယ်ဖျက်ခဲ့ပြီး ၃ ရက်အကြာ နိုဝင်ဘာ ၉ ရက်နေ့မှာ ကန်ချနဘူရီ ခရိုင်တရားရုံးက အဆိုပါ ဖမ်းဝရမ်းကို အတည်ပြုခဲ့တာပါ။

ဖမ်းဝရမ်းမှာ ဝီရဆဲန်သောင်လို့ အမည်ဖော်ပြထားပြီး မိမိ သို့မဟုတ် အခြားသူတစ်ဉီးကို ထိုင်းနိုင်ငံသား မဟုတ်သူအဖြစ် အိမ်ထောင်စုစာရင်း သို့မဟုတ် တာဝန်ရှိသူတွေထံ စာရင်းသွင်းဖို့ အထောက်အထားအတု ပြုလုပ်ခြင်း၊ အသုံးပြုခြင်းနဲ့ ပြသခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

ဒီပြစ်မှုဟာ ထောင်ဒဏ် ၃ နှစ်ထက်မနည်း ကျခံရနိုင်တဲ့ စွပ်စွဲချက်ဖြစ်ပြီး ကန်ချနဘူရီ မြို့နယ်ရဲစခန်းမှ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တောင်းဆိုချက်အရ တရားရုံးက နိုဝင်ဘာ ၉ ရက် မွန်းလွဲ ၁၂ နာရီခွဲမှာ ဖမ်းဝရမ်း ထုတ်ခဲ့တာပါ။

ဆိုင်းယုတ်မြို့နယ် မှတ်ပုံတင်ရုံးက အရာရှိတွေထံ မမှန်မကန် သတင်းအချက်အလက်တွေ ပေးခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့အတူ နိုဝင်ဘာ ၆ ရက်နေ့မှာ ဆူရတ်ရဲ့ မွေးစာရင်းကို ပယ်ဖျက်ကာ ရဲတပ်ဖွဲ့ထံ အမှုတွဲ လွှဲပြောင်းပေးခဲ့ပါတယ်။

ဆူရတ်ရဲ့ မွေးစာရင်း ထောက်ခံစာမှာ လက်မှတ်ရေးထိုးထားတဲ့ သက်သေ ၅ ဦးရဲ့ ၂၀၁၀ ပြည့်နှစ် ထွက်ဆိုချက်တွေဟာ ကိုက်ညီမှု မရှိတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ မှတ်ပုံတင် အရာရှိတွေက ပြောပါတယ်။

၎င်းရဲ့ မွေးဖွားရာနေရာနဲ့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခဲ့တဲ့ ရက်စွဲတွေမှာလည်း ကွဲလွဲချက်တွေ တွေ့ရှိခဲ့ရသလို သတ်မှတ်ပေးထားတဲ့ ရက်ပေါင်း ၃၀ အတွင်း အထောက်အထား အသစ်တွေ လာရောက် ပြသနိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။

မဲအောင်း ကန်ချနဘူရီမြို့နယ်၊ ကော့ဆမ်ရောင်ကျေးရွာအုပ်စုရှိ ရွာသား ၄၀ ခန့်ကလည်း ဆူရတ်ဟာ အဆိုပါရွာမှာ နေထိုင်ခြင်း မရှိကြောင်း ပြောဆိုခဲ့ကြတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

ထောက်ခံစာ ရေးထိုးခဲ့သူ သက်သေ ၂ ဦးကလည်း စုံစမ်းစစ်ဆေးရေး အရာရှိတွေကို ၎င်းတို့ရဲ့ လက်မှတ်များ အတုထိုးခံခဲ့ရတာဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။

ဆူရတ်နဲ့ Bright Future အဖွဲ့က တစ်စုံတစ်ရာ တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးသလို ဖမ်းဆီးရမိခြင်းလည်း မရှိသေးကြောင်း သိရပါတယ်။

စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ တရားရုံးမှာ စစ်ဆေးကြားနာရခြင်း မရှိသေးသလို ၎င်းအပေါ် ပြစ်ဒဏ် တစ်စုံတစ်ရာ ချမှတ်ရခြင်းလည်း မရှိသေးပါဘူး။

ဆူရတ်ဟာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေရဲ့ အလုပ်သမား မှတ်ပုံတင်ရေး၊ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ ကတ်ပြားတွေ ထုတ်ယူရေးနဲ့ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ကတ်ပြား ကုန်ကျစရိတ်တွေနဲ့ ပတ်သက်လို့ အလုပ်သမားတွေဘက်မှ အစဉ်တစိုက် တောင်းဆို ကူညီပေးနေသူ ဖြစ်ပါတယ်။

အလုပ်သမားအခွင့်အရေး တောင်းဆိုသူတွေကို ပစ်မှတ်ထား ဖိနှိပ်မှုတွေ ရှိနေချိန်မှာ အခုလို မွေးစာရင်း ပယ်ဖျက်ခံရမှုနဲ့ ဖမ်းဝရမ်း ထုတ်ခံရမှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

News: The Thaiger
Ref; Kanchanaburi court orders arrest of Myanmar migrant leader over birth record