ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
လက်ရှိမိုးတိမ်တောင်ဖြစ်ပေါ်မှုအားကောင်းနေသောကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့် ပြည်နယ်များတွင် မိုးရွာနေဆဲဖြစ်ပြီး ကလောအပါအဝင်မြို့အချို့တွင်ရေကြီး ရေလျှံမှုဖြစ်ပွားကြောင်းသိရသည်။
နိုဝင်ဘာ ၉ ရက်နေ့ကတည်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြာင့် ပြည်တွင်းခရီးသွား အလာများသည့် ကလောမြို့တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး မိုးနဲမြို့နှင့်ခိုလမ်မြို့တို့တွင်လည်း ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။
လက်ရှိတွင် မိုးတိမ်တောင်ကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ကချင်ပြည်နယ်၊ ကရင်နီ ( ကယား)ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးထစ်ချုန်းရွာနိုင်မည်ဖြစ်သည်။

လာမည့် နှစ်ရက်အတွင်း မိုးတိမ်တောင်ဖြစ်ပေါ်မှုအားကောင်းသောဒေသများတွင် မိုးရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းအပါအဝင် မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
ယနေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့စွန်ရှိ မြို့နယ်များအပါအဝင် မြို့နယ်အများအပြားတွင် ဆောင်းအငွေ့အသက်ခံစားရကြောင်း ရန်ကုန်မြို့ခံများက ပြောကြားသည်။
“ရန်ကုန်မှာ နေ့လည်ကတည်းက မိုးကြီးအုံ့နေတယ်။ မနက်ကဆို လေအေးအေးတိုက်တာခံစားရတယ်။ ဆောင်းအရသာရှိသေးတာပဲ မိုးရော ဆောင်းရောခံစားနေရတယ်။ အေးဆိမ့်ဆိမ့်နဲ့” ဟု ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး/ ဇလ ထုတ်ပြန်ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်၍ လေသည် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃၀ အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခုနှစ်ပေမှ ကိုး ပေခန့်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – မိုး/ ဇလ၊ လူမှုကွန်ရက်