ဧရာဝတီတိုင်းမ်
နိုဝင်ဘာ ၁၀ ရက်
သမ္မတကြီး ဦးဝင်းမြင့်၏ မွေးနေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို ခြွင်းချက်မရှိ ပြန်လည်လွှတ်ပေးရန် တောင်းဆို ခဲ့သည့် ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံကို ခေါ်ယူ သတိပေးခဲ့ကြောင်း ရွေးတုအစိုးရက ယနေ့ နိုဝင်ဘာ ၁၀ ရက် ညပိုင်းတွင် ထုတ်ပြန်သည်။
မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရှိ ဂျာမနီသံရုံး ယာယီတာဝန်ခံ မစ္စတာ မာသီးရက်စ်လေရှာ့စ်ကို ရွေးတု အစိုးရ၏ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးကိုကိုကျော်က ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ခေါ်ယူ တွေ့ဆုံ၍ ၎င်းတို့ကို တိုက်ရိုက် စော်ကားသည်ဟုဆိုကာ သတိပေးထောက်လွှာ ပေးအပ်ခဲ့ကြောင်း ရွေးတု အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ထုတ်ပြန်ထားခြင်း ဖြစ်သည်။
လက်ရှိတွင် ၎င်းတို့သည်သာ တရားဝင် အစိုးရဖြစ်သည်ဟု ဆိုထားပြီး သံရုံး ယာယီတာဝန်ခံ၏ ပြောကြားချက်သည် ရွေးတုသမ္မတ မင်းအောင်လှိုင်ကို တိုက်ရိုက် စော်ကားရာရောက်ပြီး ဗီဒီယို ရိုက်ကူးသည့် နေရာ ရွေးချယ်မှု အပါအဝင် ရည်ရွယ်ချက်ရှိရှိ ပြုမူ ဆောင်ရွက်ကာ အတိုက်အခံပြုရန် အားပေး အားမြှောက် လုပ်နေကြောင်း ရွေးတုအစိုးရက စွပ်စွဲထားသည်။
ထို့ပြင် ပြည်တွင်း မငြိမ်မသက်မှု ဖြစ်ပေါ်စေရန်နှင့် ၎င်းတို့ ရွေးတုအစိုးရကို အကြည်ညိုပျက်စေရန် အားပေး လှုံ့ဆော်ရာ ရောက်နေ၍ အဆိုပါ လုပ်ရပ်သည် နိုင်ငံတော် တည်ငြိမ်ရေးကို မလိုလားသည့် အပြုအမူ ဖြစ်ကြောင်း ဆက်လက် ဆိုထားသည်။
အလားတူ မြန်မာနိုင်ငံ၏ ပြည်တွင်း တရားစီရင်ပိုင်ခွင့်ကို ပြောင်ပြောင်တင်းတင်း ဝင်ရောက် စွက်ဖက် ဝေဖန်နေခြင်း ဖြစ်သဖြင့် လုံးဝ လက်ခံနိုင်ခြင်းမရှိဘဲ သံတမန်များ စည်းမျဉ်း ဥပဒေကို လေးစားရန်နှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးရာ ကိစ္စရပ်များ၌ ဝင်ရောက် စွက်ဖက်ခြင်း မပြုရန် တွေ့ဆုံစဉ်အတွင်း စွပ်စွဲ ပြောဆိုခဲ့ကြောင်း သိရသည်။
သံရုံး ယာယီတာဝန်ခံ အနေဖြင့် ဦးဝင်းမြင့်အား နိုင်ငံတော်သမ္မတအဖြစ် သဘောထားကာ ၎င်းတို့ ရွေးတုအစိုးရနှင့် လက်တွဲလိုခြင်းမရှိ၊ ဆက်လက် တာဝန်ထမ်းဆောင်ခြင်း မပြုလိုပါက တားမြစ်မည် မဟုတ်သလို ထိုလုပ်ရပ်ကိုလည်း ကန့်ကွက် ရှုတ်ချကြောင်း ဖိအားပေး ခြိမ်းခြောက် ပြောဆို ထုတ်ပြန် ထားသည်။
ယင်းအပြင် အဆိုပါ လုပ်ရပ်သည် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ခွင့်ပြုချက် သို့မဟုတ် ၎င်း၏ ကိုယ်ပိုင် သဘောဆန္ဒဖြင့် ဆောင်ရွက်သည် ဆိုသည်ကို တရားဝင် ရှင်းလင်းချက်ပေးရန် တောင်းဆိုခဲ့ပြီး ထပ်မံ လုပ်ဆောင်ပါက အပြည်ပြည်ဆိုင်ရာ ဥပဒေ၊ သံတမန်ရေးရာ အစဉ်အလာများနှင့်အညီ အရေးယူ သွားမည်ဟုလည်း ဆိုသည်။
ဂျာမနီ သံရုံး ယာယီတာဝန်ခံသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျရောက်ခဲ့သည့် သမ္မတ ဦးဝင်းမြင့်၏ ၇၅ နှစ်ပြည့် မွေးနေ့၌ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့သည့်အပြင် သမ္မတ ဦးဝင်းမြင့် အနေဖြင့် ဧည့်သည်များကို လွတ်လပ်စွာ လက်ခံတွေ့ဆုံခွင့်၊ ဆက်သွယ် ပြောဆိုခွင့် အမှန်တကယ် ရရှိနေခြင်း ရှိ၊ မရှိအပေါ် စိုးရိမ်ပူပန်မိကြောင်း ဗီဒီယို မာဆေ့ချ်မှတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဓာတ်ပုံ – ရွေးတုအစိုးရ