
ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ အောက်တိုဘာ ၁၉ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် စိတ်ကျန်းမာရေးချို့တဲ့သည့် CDF-Kanpetletတပ်ဖွဲ့ဝင် ၁ ဦးကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၂ နာရီအချိန်တွင် ဖမ်းဆီးခံရကြောင်း CDF-Kanpetletထံမှ သိရသည်။
ကန်ပက်လက်မြို့နယ်၊ အုတ်ဖိုရွာတွင် နေထိုင်သော CDF-Kanpetlet တပ်ဖွဲ့ဝင်မောင်နိုင်းအွမ်သည် မိမိနေအိမ်သို့ ခေတ္တပြန်နေစဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံဖြင့် တုန့်ပြန်လာနိုင်ကြောင်း CDF-Kanpetlet တာဝန်ခံတစ်ဦးက ပြောသည်။
“ကျွန်တော်တို့က စစ်ကောင်စီရဲ့ ပို့ဆောင်ရေး ရဟတ်ယာဥ်ပစ်ခတ်မှုကြောင့် မြို့တွင်းမှာ စစ်ဆေးမှုတင်းကြပ်တာပါ။ ဖမ်းထားတဲ့ CDF တပ်ဖွဲ့ဝင်ကလည်း စိတ်ကျန်းမာရေးချို့တဲ့သူပါ။ စစ်ကောင်စီဘက်က နည်းလမ်းမျိုးစုံနဲ့ တုန့်ပြန်လာနိုင်တာကြောင့် ပြည်သူတွေ ပုန်းခိုကျင်းတွေမှာ နေထိုင်ကြရန်လိုအပ်ပါတယ်”ဟု CDF-Kanpetlet တာဝန်ရှိသူတစ်ဦးက Kanpetlet Voice ကိုပြောကြားသည်။
စစ်ကောင်စီက မြို့တွင်းမှ ၆ မိုင်ပတ်လည်အတွင်းတွင် လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မည်ဟု သတင်းထွက်ပေါ်နေမှုကြောင့် ကျေးရွာနေပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ဆိုသည်။
CDF Kanpetlet မှ စစ်ကောင်စီ၏ ပို့ဆောင်ရေး ရဟတ်ယာဥ်ကို အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပစ်ခတ်ခဲ့ပြီးနောက် မြို့တွင်းတွင် စစ်ဆေးမှုများတင်းကြပ်ထားကြောင်းဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။