
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ဗဟိုအကျဥ်းထောင်တွင် အောက်တိုဘာလ ၁၉ ရက် ယနေ့ မနက် ၉ နာရီ ၄၀မိနစ် ဝန်းကျင်တွင် ဗုံး ၂ လုံးပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံကသိရသည်။
အင်းစိန်အကျဥ်းထောင် ပါဆယ်လက်ခံသည့်အဆောက်အဦအတွင်းနှင့်အပြင်တို့တွင် ဗုံး ၂ ကြိမ်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ဗုံးပေါက်ကွဲမှုကြောင့် အကျဥ်းဦးစီးဝန်ထမ်း ၃ ဦးသေဆုံးပြီး ထောင်ဝင်စာလာတွေ့သူ ၅ ဦး စုစုပေါင်း ၈ ဦးဖြစ်ကြောင်းသိရသည်။
သေဆုံးသူများမှာ အကျဥ်းဦးစီးဌာနမှ တပ်သားကျော်ဇင်ဦး၊ တပ်သားခင်မိုးဝေနှင့် တပ်သားပိုးအိဇံတို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်သည့်အကျဥ်းဦးစီးဝန်ထမ်းအများအပြားပါဝင်သည်ဟုဆိုသည်။
“အတွင်းထဲမှာပေါက်တာပေါ့။ ပေါက်ကွဲမှုကြောင့် ဝန် ထမ်းအတော်အများအပြားထိတယ်။ အမျိုးသမီးဝန် ထမ်း ၂ ယောက်နဲ့ အမျိုးသားဝန်ထမ်း ၁ ယောက် ၃ ယောက်က နေရာမှာတင်သေတယ်။ ဝန်ထမ်းထဲက ဆေး ရုံမှာထပ်ပြီး သေဆုံးတာတွေရှိတယ်။ ထိခိုက်ဒဏ် ရာရတဲ့သူလည်း များတယ်”ဟု အင်းစိန်ထောင်နှင့်နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
နေရာတွင်သေဆုံးသူ အကျဥ်းဦးစီးဝန်ထမ်း ၃ ဦးအပြင် ဆေးရုံမှာသေဆုံးသူ အကျဥ်းဦးစီးဝန်ထမ်း ၅ ဦးအထိရှိလာပြီး စုစုပေါင်း ၈ ဦးအထိသေဆုံးမှုရှိတယ်လို့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောဆိုပေမယ့် သီးခြားအတည်မပြုနိုင်သေးပါ။
ထို့အပြင် စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုကြောင့် ထောင်ဝင်စာလာတွေ့သည့် မဂ်လာဒုံ၊ လှိုင်သာယာနှင့် ကြည့်မြင်တိုင်မြို့နယ်များမှ အမျိုး သမီး ၃ ဦးနှင့် အခြားအမျိူးသမီး ၂ ဦး စုစုပေါင်း ၅ ဦး ကျည်ထိမှန် သေဆုံးခဲ့ကြောင်း သိရသည်။
“ဗုံးကွဲပြီးတော့ စကစဘက်ကရမ်းပစ်တာ၊ ထောင်ဝင်စာလာတွေ့တဲ့ သူတွေက ဗုံးစမှန်လို့သေတာမဟုတ်ဘူး။ ကျည်ဆံတွေမှန်ပြီးသေတာ ။ စကစ ဘက်ကပစ်တာ၊ ဘယ်သူပစ်မှန်းမသိဘူး၊ ပစ်တဲ့အချိန်မှာ ထိကုန်တာ”ဟု ၄င်းကဆက်လက်ပြောသည်။
လက်ရှိတွင် ပေါက်ကွဲခဲ့သည့်နေရာနှင့် အကျဥ်းထောင်အနီးတစ်ဝိုက်ရှိနေရာများတွင် စစ်ဆေးမှု များပြုလုပ်နေကြကြောင်း သိရှိရသည်။ ယင်းဖောက်ခွဲတိုက်မှုကို မည်သည့်အဖွဲ့မှမည်သည့် အကြောင်းကြောင့် တိုက်ခိုက်မှုပြုလုပ်သည်ကိုမူ မသိရှိရသေးပေ။