
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေပြု အမှတ် ၄၄၁ နည်းဗျူဟာ(နဗဟ ၄၄၁) ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ဒီကနေ့ မနက်ပိုင်းမှာတိုက်ပွဲကျဆုံးသွားတယ်လို့ သိရပါတယ်။
အမှတ် ၄၄၁ နည်းဗျူဟာ ကအမှတ် ၄၄ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ နည်းဗျူဟာ ၃ ခုအနက်က ၁ ခုဖြစ်ပြီး တပ်မဟာ ၆ နယ်မြေအတွင်းတိုက်ခိုက်ရေးဝင်ရောက်နေတာဖြစ်ကာ ဒီမနက်ပိုင်းဖြစ်ပွားတဲ့တိုက်ပွဲမှာကျဆုံးခဲ့တာ ဖြစ်ပါတယ်။
”ကျတာက ဒီမနက် ၉ နာရီလောက်မှာလို့သိရတယ်။ တပ်မဟာ ၅ ထဲက ရွှေညောင်ပင်ဘုရားကုန်းမှာ သူထိုင်တာ၊ စနိုက်ဘာထိတာလို့သိရတယ်။ ဘယ်လိုထိပြီးကျသွားတာလဲတော့ မသိဘူး။ သူ့မိသားစုဆီဒီမနက်အကြောင်းကြားလာတာ။ သူကနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်ဆင်းလာပြီးမကြားဘူး ရှေ့ တန်းရောက်တာ ၂ လ ကျော် လောက်ဘဲရှိသေးတယ်” လို့ မိသားစုနဲ့ နီးစပ်တဲ့ကျိုက်ထိုတပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ဗိုလ်မှူးကြီး ဝင်းမင်းဦး ဟာ စစ်တက္ကသိုလ်အမှတ်စဉ် ၄၂ ဆင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်(NDC) တက်ရောက်ပြီးသူဖြစ်ကာ၎င်းမှာ ဇနီးနဲ့ သား ၁ ဦး၊ သမီး ၁ ဦးကျန်ရှိခဲ့တယ်လို့ သိရပါတယ်။
KNLA ရှေ့တန်းသတင်းရင်းမြစ်တွေကိုမေးမြန်းရာမှာ တပ်မဟာ ၆ နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့အဆက်မပြတ် ပစ်ခတ်နေကာ တိုက်ပွဲအခြေနေအသေးစိတ်ကိုမသိရသေးဘူးလို့ဆိုပါတယ်။
“တပ်မဟာ ၅ မဟုတ်ဘူး၊ ၆ ဖြစ်ပါတယ်။ ခု ရွှေညောင် ပင်ဘုရားကုန်းကနေ ဟောင်ဝစ်ဇာတွေနဲ့ပါထုနေတယ်။ တိုက်ပွဲ အထိအခိုက်အကျအဆုံး အတိအကျတော့ ကျနော်တို့ မသိရသေးဘူး”ဟု တပ်မဟာ ၆ အတွင်း တိုက်ပွဲဝင်နေတဲ့ KNLA တပ်နှင့် နီးစပ်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုအခြေအနေတွေကို KNU ဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေအသေးစိတ်ကို စုံစမ်းနေဆဲဖြစ်ပါတယ်။
စစ်ကောင်စီတပ်မှာ ယခင်အဆက်ဆက် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးအဆင့်တွေသာတိုက်ပွဲ အတွင်းကျဆုံးများခဲ့တာဖြစ်ပြီး နည်းဗျူဟာမှူး( ဗိုလ်မှူးကြီး) တပ်မမှူး ( ဗိုလ်မှူးချုပ်)အဆင့်တွေ ကျဆုံးတာဟာ ရှားပါးတယ်လို့ CDM တပ်မတော်သားတွေကပြောပါတယ်။
ဓာတ်ပုံ – ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး။
#ဗျူဟာမှူး #ဗိုလ်မှူးကြီး #ဝင်းမင်းဦး #တိုက်ပွဲကျဆုံး #Ayeyarwaddy_Times