
ဧရာဝတီတိုင်းမ်
(သထုံ)၊ အောက်တိုဘာလ ၁၉ ရက်
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာအနီးရှိ ကြာပန်းစစ်ဆေးရေးဂိတ်အား အောက်တိုဘာလ ၁၇ ရက် နေ့လည်တွင် ဒေသခံကာကွယ်ရေးတပ်များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
သထုံ – ဘားအံ ကားလမ်းမပေါ်ရှိ ကြာပန်းစစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးတပ်များမှ လက်နက်ငယ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃ ဦးဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုများရှိသည်ဟုသတင်းရရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ဒေသခံများထံမှသိရသည်။
“တိုက်တာကတော့ စစ်ဆေးရေးဂိတ်ကိုကားနဲ့ဖြတ်သွားပြီး ကားပေါ်ကနေလှမ်းပစ်သွားတာပါ။ သေတာကတော့ ၅ ယောက်ကျော်သေတယ်ဆိုပြီးကြားတယ်။အတည်မပြုနိုင်သေးပါဘူး။ ရာထူးမြင့်တဲ့သူတယောက်တော့သေတယ်ကြားတယ်။ ဘာလို့လဲဆိုတော့ဗိုလ်မှူးအောင်ကိုကို ကိုယ်တိုင်သထုံဆေးရုံမှာ စောင့်နေရပြီး ရန်ကုန်ကို အလောင်းတလောင်းပို့တော့လဲ သူပါလိုက်သွားတယ်လို့သတင်းရတယ်” ဟု သထုံဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
အဆိုပါကြာပန်းစစ်ဆေးရဂိတ်တွင် စစ်ကောင်စီလက်အောက်ခံတပ်များစခန်းချထားပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ လက်နက်ကြီးများနှင့်ရမ်းသန်းပစ်ခတ်ရာ ပြည်သူတစ်ဦးလက်နက်ကြီးစထိမှန်ခဲ့ကြောင်း ဒေသခံတဦးက ဆိုသည်။
ထို့အပြင် ဘီးလင်းမြို့နယ်တွင်လည်း အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ၃နာရီဝန်းကျင်အချိန်က စစ်ကောင်စီတပ်စခန်းချရာ သပြေနီသံတံတားဂိတ်အား KNLAပူးပေါင်းတပ်များမှ ဒရုန်းဖြင့် ၃ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သထုံခရိုင်အတွင်းတွင်စစ်ကောင်စီတပ်စခန်းများ မကြာခနတိုက်ခိုက်ခံနေရပြီး အောက်တိုဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် ဘီလင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီယာဉ်တန်းများတိုက်ခိုက်ခံရပြီး ဒုရဲမှူးအဆင့်ရှိသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။
#သထုံ #စစ်ကောင်စီ #သပြေနီတံတားဂိတ်
#Ayeyarwaddy_Times