
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို ဒေသခံပြည်သူကာကွယ်ရေးတပ် PDF နဲ့ KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့မရဲစခန်းက ရဲ ၃ ဦးကို ဥရုချောင်းတံတားပေါ်မှာ PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁ ဦးကတော့ ရေထဲခုန်ချထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ ဥရုချောင်းဘေး ရဲကင်းနားလေးမှာပဲဖမ်းတာ ဘီလီတံတားနားမှာပေါ့ လက်နက်တော့မပါဘူး အကုန်ဖွင့်ပြော ပြတာ ဘာမှတောင်မလုပ်ရဘူး လောလောဆယ်တော့ထိန်းသိမ်းထားတုန်းပဲ”လို့ PDF နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေက PDF တပ်ဖွဲ့က ဖမ်းတာကိုသိချိန်မှာ မခုခံဘဲလိုက်ပါခဲ့သလို စစ်ဆေးတဲ့အချိန်မှာလည်း သိသလောက်အကုန်ပြောပြခဲ့ပြီး လွတ်မြောက်နယ်မြေရောက်တယ်ခံစားရကြောင်း ပြောဆိုတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး ဩဂုတ်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ရဲမှူး ကိုကိုလွင်နဲ့ ဒုရဲအုပ်တဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#ဖားကန့် #PDF #ရဲ #ဖမ်းဆီး #ရိုက်စစ်
#Ayeyarwddy_Times