
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၂ ရက်
အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာလ ၁၂ ရက်နေ့မှာ ထောင်ဒဏ် ၃ နှစ်ထပ်တိုးချမှတ်လိုက်တယ်လို့ NLD ပါတီအသိုင်းဝိုင်းက သိရပါတယ်။
စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက အဂတိတိုက်ဖျက်ရေးပုဒ်မတွေနဲ့ တရားစွဲဆိုပြီး ခုလို ထပ်တိုးပြစ်ဒဏ်ချမှတ်ခဲ့တာလို့ တရားရုံး အသိုင်းဝိုင်းက သိရပါတယ်။
စစ်ကောင်စီက စွပ်စွဲတရားစွဲပြီး ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ ထပ်တိုးပြစ်ဒဏ် ထောင် ၃ နှစ်အတွက် တရားလိုပြသက်သေ ဦးမောင်ဝိတ်ကိုယ်တိုင်က လာဘ်ပေးခဲ့တာမျိုးမရှိဘူးလို့ သက်သေထွက်ဆိုခဲ့ပေမယ့် စစ်ကောင်စီလက်အောက်ခံ တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့တာလို့ NLD ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
တရားလိုပြသက်သေကိုယ်တိုင် လာဘ်ပေးတာမဟုတ်ကြောင်း ထွက်ဆိုထားတာကြောင့် ခုလိုမျိုး တရားရုံးက အဂတိဥပဒေနဲ့တရားစွဲပြီး ထောင်ချမှတ်တာဟာ တရားရုံးလုပ်ထုံးလုပ်နည်းတွေနဲ့ မညီဘူးလို့ ဥပဒေပညာ ရှင်တွေက သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက နိုင်ငံတော်အာဏာသိမ်းယူပြီး နောက်ပိုင်း တရားစွဲဆိုထားတဲ့ အမှု ၁၂ မှုအတွက် အခုထပ်တိုးပြစ်ဒဏ်နဲ့ပေါင်းရင် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ထိရှိလာပြီ ဖြစ်ပါတယ်။
#AyeyarwaddyTimes