ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၃ ရက်

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က တိုင်းပြည်တစ်ဝန်းရှိ ထိန်း သိမ်းထားသူတွေကို စနစ်တကျ နှိပ်စက်ညှင်းပန်းမှုတွေ ပြုလုပ်နေပါတယ်။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီး ကတည်းက အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အကြမ်းဖက်မှု အရှိန်မြှင့်လာခဲ့ပါတယ်။

ရိုင်းစိုင်းသော မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်မှု ကျူးလွန်တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သမိုင်း ကြောင်းတစ်ရပ်ရှိတာကြောင့် အတိုက်အခံတွေက “ဖက်ဆစ်” တွေလို့ ခေါ်ဆိုကြပါတယ်။ မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း လျို့ဝှက်ထိန်းသိမ်းရေးစနစ်နဲ့ လူပေါင်း ၉၀၀၀ ကျော်ကို ထိန်းသိမ်းထားတယ်လို့ AP သတင်းဌာနရဲ့ စုံစမ်းစစ်ဆေးမှုအရ သိရပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၁၀ ပြည့်နှစ်မှာ တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် မလျှောက်လှမ်းမီ ပြည် သူတွေကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ သမိုင်းကြောင်းရှိပါတယ်။ မြန်မာစစ်တပ်ဟာ ယခင်က နှိပ်စက်ညှင်းပန်းမှုတွေကို တိုင်းရင်းသားဒေသတွေမှာသာ ပြုလုပ်ခဲ့ပေမယ့် အခုဆိုရင် နိုင်ငံတစ်ဝန်းမှာအထိ ပြုလုပ်လာတာ တွေ့ရပါတယ်။

အကျဉ်းသားတွေ ပြန်ပြောပြတဲ့ မြန်မာစစ်တပ်ရဲ့နှိပ်စက် ညှင်းပန်းမှု နည်းစနစ်တွေက ယခင်ကလိုပဲ လျှပ်စစ်ဝါယာကြိုးနဲ့တို့တာ၊ ရေနှစ်တာနဲ့ ရက်ရက်စက်စက် ရိုက်နှက်တာတွေ ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ပဋိပက္ခကို ပိုဆိုးအောင်လုပ်ဆောင်ခဲ့ပြီး တိုင်းပြည်ကို မတည်မငြိမ်ဖြစ်အောင် ချောက်ထဲတွန်းပို့ခဲ့ပါတယ်။ မြန်မာ စစ်တပ်ရဲ့ အုပ်ချုပ်မှုအလွဲတွေကြောင့် မြန်မာနိုင်ငံဟာ အမြဲလိုလို မတည်မငြိမ်ဖြစ်ခဲ့ရပါတယ်။

နိုင်ငံရေးခေါင်းဆောင်မှုကို ကာကွယ်ဖို့ ပြည်တွင်းစစ်ကို ထိန်းချုပ်တာ၊ ကစားတာက မြန်မာနိုင်ငံရဲ့ ပြည် တွင်းပဋိပက္ခတွေကို ပိုပြီး အခြေအနေဆိုးလာစေခဲ့ပါတယ်။ ယခင်ကလည်း မြန်မာစစ်တပ်က အထီးကျန်ဆန်ခဲ့ ပြီး အကြမ်းဖက်မှုနဲ့ နှိပ်စက်ကလူပြုမှုကြောင့် နိုင်ငံတကာမှာ မျက်နှာငယ်ခဲ့ရပါတယ်။ မြောက်ကိုရီးယားနိုင်ငံက မြန်မာစစ်တပ်ကို နျူကလီးယားအကူအညီ ပေးအပ်နိုင်မှုနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်တယ်လို့ ၂၀၀၉ ခုနှစ်မှာ အမေ ရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

လာမည့်နှစ်အနည်းငယ်အတွင်း အသေးစား နျူကလီးယားဓာတ်အားပေးစက်ရုံတစ်ခု တည်ဆောက်မယ် လို့ မကြာသေးမီက အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်တာဟာ ၂၀၀၀ ပြည့်နှစ် အစောပိုင်းတွေမှာ နျူက လီးယားနည်းပညာရရှိဖို့ မြန်မာနိုင်ငံရဲ့ကြိုးပမ်းမှုကို ပြန်လည်အသက်သွင်းလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဆယ်စုနှစ်နှစ်ခုကြာ နျူကလီးယားအိပ်မက်ဟာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီနဲ့ ယခင် စစ်အစိုးရအဆက်ဆက်လက်ထက်မှာ ထိတွေ့ဆက်ဆံမှု အရှိန်မြှင့်လာခဲ့တဲ့ ရုရှားနိုင်ငံကြောင့် ဖြစ်လာနိုင်စွမ်းရှိ နေပါတယ်။ နျူကလီးယားစွမ်းအင်ကို ဓာတ်အားပြတ်တောက်မှုတွေ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ မြန်မာနိုင်ငံမှာ အရပ်ဘက်သုံးရန်အတွက်လို့ အာဏာသိမ်းစစ်ကောင်စီက ပြောဆိုပေမယ့် နျူကလီးယားလက်နက်တွေ ထုတ် လုပ်ဖို့အပါအဝင် စစ်ရေးရည်ရွယ်ချက်တွေနဲ့ နျူကလီးယားစွမ်းအင်ကို အသုံးချဖို့ အစီအစဉ်ရှိတယ်ဆိုတာ အများ စုက ယုံကြည်ပါတယ်။

မြန်မာစစ်တပ်ရဲ့ အဆင်အခြင်မဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင်နက်ထဲ လက်နက်ကြီးကျည်တွေ ကျရောက်တာကြောင့် အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိတာ၊ ဘင်္ဂလားဒေ့ရှ်လေပိုင်နက်ထဲ ကျူး ကျော်ဝင်ရောက်တာတွေလည်း ရှိနေပါတယ်။ ဒီလိုမျိုး ရန်စမှုတွေရှိလင့်ကစား ဘင်္ဂလားဒေ့ရှ်နိုင်ငံက အတတ်နိုင် ဆုံး သည်းခံမှုကျင့်သုံးခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အငြင်းပွားမှုအားလုံးကို သံတမန်အဆင့်မှာ ဆွေးနွေးခြင်း ဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရမယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ယုံကြည်ထားလို့ဖြစ်ပါတယ်။

အာဖဂန်နစ္စတန်၊ အီရတ်၊ ဆိုမာလီယာနဲ့ ဆီးရီးယားနိုင်ငံတွေရဲ့ ပြည်တွင်းစစ်တွေက ပတ်ဝန်းကျင်ဒေသကို မတည်မငြိမ်ဖြစ်စေခဲ့သလို မြန်မာ့အရေးက တောင်အာရှနဲ့ အရှေ့တောင်အာရှကို ခြိမ်းခြောက်နေပါတယ်။ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုရဲ့ တိုက်ရိုက် သက်ရောက်မှုတွေကနေ ဒုက္ခသည်အကျပ်အတည်း၊ မူးယစ်ဆေး ဝါးမှောင်ခိုမှုအထိ ဖြစ်လာစေနိုင်ပြီး ရေရှည်ပြဿနာတစ်ခု ဖြစ်လာနိုင်ပါတယ်။

မြန်မာစစ်တပ်ဟာ ရှင်သန်ဖို့ အသည်းအသန် ရုန်းကန်နေရပုံပေါ်နေပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကလည်း ဒုက္ခနွံထဲ သက်ဆင်းသွားခဲ့ပြီး ပြည်တွင်းစစ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံအတွင်းမှာ သီးခြားနိုင်ငံတွေ ပေါ်ပေါက် လာနိုင်ပါတယ်။

မင်းအောင်လှိုင်နဲ့ သူ့ရဲ့ထိပ်တန်းအရာရှိတွေအတွက် ပြည်တွင်းစစ်ဟာ စစ်တပ်ပြိုကွဲရေးအထိ ဖြစ်လာ နိုင်ပါတယ်။ ကုလသမဂ္ဂအဆင့် နိုင်ငံတကာအသိုင်းအဝိုင်းမှာ တရုတ်နဲ့ရုရှားရဲ့ ကာကွယ်ပေးမှုကြောင့် စစ်ကောင် စီဟာ ထင်ရာစိုင်းခွင့်ရနေပြီး အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေရဲ့ ထောက်ခံမှုနဲ့ အာဆီယံအဖွဲ့က အာ ဏာသိမ်းခေါင်းဆောင်ကို ထိပ်သီးဆွေးနွေးပွဲတွေ တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်အုပ်ချုပ်ရေး အဆုံးသတ်စေမယ့် မကြုံစဖူး လှုပ်ရှားမှုတစ်ရပ် ရှိလာခဲ့ပြီး မြန် မာနိုင်ငံတစ်ဝန်းရှိ ပြည်သူတွေဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ရပ်ရရှိဖို့ အသက်တွေ၊ ဘဝတွေ စွန့်လွှတ်နေပါတယ်။ စစ်ကောင်စီက ပြည်သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှု ပြုလုပ်ပေမယ့် ပြည်သူတွေရဲ့ စစ်အာဏာရှင် တော်လှန်မှုကို မရပ်တန့်စေနိုင်ခဲ့ပါဘူး။

တက်ကြွလှုပ်ရှားသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူတွေ၊ ပုဂ္ဂလိကလုပ်သားတွေနဲ့ သတင်းသမားတွေအပါအဝင် အသက်စွန့်ခဲ့ရသူတွေ၊ အနစ်နာခံရသူတွေကို ကမ္ဘာကြီးက ဂုဏ်ပြုနေပါတယ်။ ကမ္ဘာ ကြီးက မြန်မာစစ်တပ်ကို ဖျက်သိမ်းရမှာဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို စီးပွားရေးလုပ်ငန်းတွေကနေ ဖယ်ရှားဖို့ဆိုရင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တစ်ခု တည်ထောင်တဲ့ နိုင်ငံရေးစနစ် ကျင့်သုံးရမှာဖြစ်ပါတယ်။

မြန်မာစစ်တပ်သစ်ကို အရပ်သား ဒီမိုကရေစီအစိုးရရဲ့ လက်အောက်မှာဖွဲ့စည်းရမှာဖြစ်ပါတယ်။ မြန်မာ အာဏာ သိမ်းစစ်ကောင်စီဟာ အကြောင်းအမျိုးမျိုးကြောင့် ပြည်တွင်း/ပြည်ပရဲ့ ဖိအားဒဏ်ကို ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။ အာဏာရူးနေတဲ့ ဗိုလ်ချုပ်ကြီးတွေ ဉီးဆောင်တဲ့ “ခါးပိုက်ဆောင်စစ်တပ်” ရဲ့ ပညာမဲ့ပြီး ရက်စက်တဲ့ တပ်ဖွဲ့ ဝင်တွေနဲ့ ဆက်ဆံနေရတယ်ဆိုတာ ဒေသတွင်းခေါင်းဆောင်တွေ အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေက သိလာပါ တယ်။ မြန်မာစစ်တပ်သိတဲ့ တစ်ခုတည်းသောအရာက အကြမ်းဖက်ဖို့ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံတွေက မြန်မာအရေးကြားဝင်ကာ စစ်တပ်ကို ဖျက်သိမ်းပြီး စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ဗိုလ်ချုပ်ကြီးတွေကို သည်ဟိဂ်မြို့ကို ပို့ဆောင်ရမှာဖြစ်ပါတယ်။ ရိုင်းစိုင်းသော၊ မယဉ်ကျေးသော မြန်မာစစ်တပ်ကို ဖျက်သိမ်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက ကြားဝင်ဖျန်ဖြေရမယ်ဆိုတာ သိရှိရပါမယ်။ မြန်မာစစ်တပ်ဟာ ကမ္ဘာ့ငြိမ်း ချမ်းရေးကို မတည်မငြိမ်ဖြစ်စေသူ ဖြစ်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်တွင် Eurasia Review ဝဘ်ဆိုဒ်၌ ဆောင်းပါးရှင် Dr. Arpita Hazarika ရေးသားထား သော Dismantling Myanmar’s military ကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားပါသည်။