ကန်ပက်လက်မြို့က စစ်ဘေးရှောင်အမျိုးသား ၁ ဦး ချောင်းရေထဲမျောပါသွားပြီး သေဆုံး
ဧရာဝတီတိုင်းမ်
(ကန်ပက်လက်)၊ အောက်တိုဘာလ ၆ ရက်
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ရယ်လောင်းပန်းရွာမှ အညာကတင်းစစ်ဘေးရှောင်စခန်းသို့ လာရောက်စစ်ဘေးရှောင်နေသည့် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ ညနေ ၄ နာရီအချိန့်ခန့်က ကတင်းချောင်းရေထဲတွင် မျောပါပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူမှာ အသက် ၄၅ နှစ်အရွယ် ရယ်လောင်းကျေးရွာနေ ဦးကျော်သန်း(ခ)ဦးဟာပိုင်းဆိုသူဖြစ်ပြီး အညာကတင်းကျေးရွာမှ စစ်ဘေးရှောင်စခန်းအပြန်တွင် ကတင်းချောင်းရေထဲမျှောပါသွားပြီး သေဆုံးသွားခြင်းဖြစ်ကြောင်းဒေသခံများက ပြောဆိုသည်။
“အညာကတင်းကျေးရွာကနေ စစ်ဘေးရှောင်စခန်းအပြန်မှာ ချောင်းရေထဲမျှောပါသွားတယ်။ ဦးဟာပိုင်း ချောင်းရေထဲပါသွားပြီလို့ ကြားတော့ ချောင်းအတိုင်းလိုက်သွားပြီး သွားတွေ့တော့ အသက်ရှင်နိုင်းရေးအတွက် ကြိုးစားကြသေးတယ်။ စစ်ဘေးရှောင်စခန်းပြန်ရောက်တော့ အသက်ပြတ်သွားတယ်”ဟု စစ်ဘေးရှောင်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကတင်းချောင်းရေထဲတွင် မျောပါပြီး သေဆုံးသွားသော ကျော်သန်း(ခ)ဦးဟာပိုင်း၏ ရုပ်အလောင်းကို အညာကတင်းစစ်ဘေးရှောင်စခန်းမှ ရယ်လောင်းပန်းရွာသို့ ပြန်လည်သယ်ဆောင်းပြီး ချင်းရိုးရာထုံးစံအတိုင်းသဂြိုလ်သွားမည်ဟု ဆွေမျိုးအသိုင်းအဝန်းထံမှ သိရသည်။
ကန်ပက်လက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူ ၅၀၀၀ ကျော်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးရှောင်နေစဥ် သေဆုံးခဲ့ရသည့် သက်ကြီးရွယ်အိုများအပါအဝင် ၆ ဦးအထိရှိပြီဖြစ်ကြောင်းစစ်ဘေးရှောင်ပြည်သူများထံမှ သိရသည်။