
ရေးမြို့အခြေစိုက် အမတ ၃၁၆ အမြောက်တပ် ကင်းဂိတ်ကို ၄၀မမဖြင့် ပစ်ခတ်တိုက်ခိုက်
ဧရာဝတီတိုင်းမ်
(ရေး)၊ အောက်တိုဘာလ ၆ ရက်
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလောကြီးကျေးရွာအခြေ စိုက် စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၁၆ အမြောက် တပ်(အမတ ၃၁၆) တပ်ရင်း ကင်းဂိတ်အား ယနေ့အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် Mon State Revolutionary Organizationမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ရေး-ထားဝယ် ကားလမ်းမပေါ်ရှိ အမတ ၃၁၆ ဂိတ်အား MSROမှ ၄၀မမဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရသည်။
“ကင်းဂိတ်ထဲမှာတော့ ၇ ယောက်ဝန်းကျင်လောက်စောင့်နေကြတယ်၊ ထိခိုက်တာကတော့ရှိမှာဘဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ ပစ်တော့ဂိတ်ထဲကျပီး ပေါက်သွားတာရှိတယ်၊ အဲ့ဘက်တွေကလူပြတ်တော့နောက်ဆက်တွဲတော့ မသိရသေးဘူး” ဟု MSROအဖွဲ့ တာဝန်ရှိသူမှ ဧရာဝတီတိုင်းမ်ကိုပြောသည်။
၄၀မမဖြင့်ပစ်ပြီးနောက် MSROဘက်မှ လက်နက်ငယ်များဖြင့်ထပ်မံပစ်ခတ်ရန် ကြိုးစားသော်လည်း စစ်ကောင်စီတပ်တွင်းမှ စစ်ကားတစီးထွက်လာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
MSROအဖွဲ့သည် ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း ရေးမြို့တွင်းရှိ စစ်ကောင်စီလက်အောက်ခံ သီရိဇေယျာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရပါသည်။