တောင်ဒဂုံမှာ ဆန္ဒပြသပိတ်ကိုမှတ်တမ်းရိုက်ကူးခဲ့သူ ဂျပန်သတင်းထောက် ထောင်ဒဏ် ၇ နှစ်ချမှတ်ခံရ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၆ ရက်
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ ဂျပန်လူမျိုး Mr Toru Kubota ကို အောက်တိုဘာလ ၅ ရက် မနေ့က စစ်ကောင်စီရဲ့စစ်ခုံရုံးက ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်တယ်လို့ ရန်ကုန်တရားရေးနဲ့နီးစပ်တဲ့သူတွေဆီကသိရပါတယ်။
Mr Toru Kubota ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(က)၊အီလက်ထ​ရောနစ်ဥပဒေပုဒ်မ ၃၃(က) စတဲ့ ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့တာလို့သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက် ညနေပိုင်းက တောင်ဒဂုံမြို့နယ်၊ ၁၉ ရပ်ကွက်၊မြိတ်လမ်း မှာပြုလုပ်တဲ့ ဆန္ဒပြပြောက်ကျားသပိတ်တခုကို စစ်ကောင်စီက ဖမ်းဆီးစဥ်မှာ မှတ်တမ်းရိုက်ကူးနေတဲ့အဲ့ဒီဂျပန်အမျိုးသားဟာ ဆန္ဒပြလူငယ်တွေနဲ့အတူဖမ်းဆီးခံခဲ့ရတာပါ။
” သူ့ကိုစွဲထားတာက ၃ မှုမှာ ၅၀၅ (က)နဲ့ ၃၃ (က) ၂ မှုအတွက်တပေါင်းထဲ ၇ နှစ်ချလိုက်တာ။ တောင်ဒဂုံကစစ်အုပ်ချုပ်ရေးနယ်မြေဆိုတော့ စစ်ခုံရုံးကဘဲချတာ” လို့ ရန်ကုန်တိုင်းအတွင်းနိုင်ငံရေးအကျဥ်းသားတွေကိုကူညီဆောင်ရွက်ပေးနေတဲ့တရားလွှတ်တော်ရှေ့နေတဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
Mr Kubota နဲ့ ပတ်သက်လို့ ဂျပန်သတင်းဌာန TV Asahi News က စစ်ကောင်စီကို မေးမြန်းတာမှာ မနေ့ကရုံးချိန်းမှာ ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ် ၇ နှစ်ချမှတ်ထားကြောင်း စစ်ကောင်စီဘက်ကပြန်လည်ဖြေကြားထားပါတယ်။
Mr Toru Kubota ကို ပုဒ်မ ၅၀၅(က)၊အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၃ (က)၊ လ၀က ဥပဒေပုဒ်မ -၁၃(၁) ပုဒ်မ ၃ ခုနဲ့တရားစွဲဆိုထားတာဖြစ်ပြီး လ၀က ဥပဒေပုဒ်မ-၁၃(၁) အမှုမှာ စစ်ဆေးဆဲဖြစ်တယ်လို့သိရပါတယ်။
#​ဂျပန်သတင်းထောက် #ထောင်ဒဏ် ၇ နှစ် #ချမှတိခံရ #စစ်ခုံရုံး #AyeyarwaddyTimes