ရေးမြို့နယ်မှာ အခကြေးငွေယူပြီး စစ်ကောင်စီကို သတင်းပေးနေတဲ့ ချဲဒိုင် အောင်မြင့်ကို နေအိမ်ထဲအထိ ဝင်ရောက်ရှင်းလင်း

ဧရာဝတီတိုင်းမ်

(ရေး)၊ အောက်တိုဘာလ ၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံးလောင်းရွာဟောင်းတွင် အောက်တိုဘာလ ၄ ရက် ယနေ့ မနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီအားသတင်းပေးနေသည့် ချဲဒိုင် အောင်မြင့်အား Mon State Revolutionary Organizationမှ ပစ်ခတ် ရှင်းလင်းလိုက်ကြောင်းသိရသည်။

စစ်ကောင်စီတပ်သတင်းပေး ချဲဒိုင်အောင်မြင့် ယနေ့မနက်ပိုင်း နေအိမ်၌ရှိနေစဉ် သေနတ်ဖြင့် ၁၅ ချက်ခန့်ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း MSRO အဖွဲ့ဝင်များထံကသိရသည်။

ချဲဒိုင် အောင်မြင့်သည် စစ်ကောင်စီထံမှအခကြေး ငွေယူ၍ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းများ‌ကိုပေးပို့နေသည့်အပြင် လောင်းကစားဝိုင်းများဖွင့်ကာ စစ်ကောင်စီကိုထောက်ပံ့နေသဖြင့် ယခုကဲ့သို့ပစ်ခတ်ရှင်းလင်းခြင်းဖြစ်ကြောင်း MSRO တာဝန်ခံကပြောသည်။

“ကျွန်တော်တို့သူ့နောက်လိုက်နေတာကြာပြီး၊ ခုသေချာသိရမှရှင်းတာပါ၊ သူကလွန်ခဲ့တဲ့၂၀၂၁ မတ်လကကျွန်တော်တို့အဖွဲ့ရဲ့ ရဲဘော်ပစ်သတ်ခံရတဲ့ကိစ္စမှာ စကစကိုသတင်းပေးခဲ့တာပါ၊ သူအဲ့လိုသတင်းပေးခ၂၅သိန်းရတယ်ကြားတယ်။ သူကရှေ့မှာဆိုငြိမ်ပြီး နောက်ကွယ်ကနေသတင်းပေးနေတာ” ဟု MRSO မှတာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကိုပြောသည်။

MSROအဖွဲ့မှ ရဲဘော်ကျော်ဇင်ထက်သည် သတင်းပေးအောင်မြင့်၏သတင်းပေးမှုကြောင့် စစ်ကောင်စီ၏ ပစ်သတ်ခြင်းခံခဲ့ရသောကြောင့် တရားမျှတမှုပြန်ယူပေးခဲ့ခြင်းဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။

MSROအဖွဲ့သည် စက်တင်ဘာလ ၂၆ ရက်နေ့တွင်လည်း ရေးမြို့ပေါ်ရှိ( စ )သုံးလုံးရုံးအား မိုင်းထောင်ဖောက်ခွဲခဲ့ရာ ရုံးမှာထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဓာတ်ပုံ – တပ်သတင်းပေးအောင်မြင့်နေအိမ်။

#ရေး #စစ်တပ်သတင်းပေး #ပစ်ခတ်ရှင်းလင်းခံရ #AyeyarwaddyTimes