
တီကျစ်စစ်ဆေးဂိတ်မှာ ဖုန်းအစစ်ခံရပြီး ဖမ်းဆီးခံရသည့် မိုးဗြဲမြိုခံလူငယ်အား စစ်ကောင်စီက ထောင်ဒဏ် ၁၀ နှစ်ချမှတ်
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၄ ရက်
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက တီကျစ်စစ်ဆေးဂိတ်မှာ ဖုန်းအစစ်ခံရပြီး ဖမ်းဆီးခံရသည့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြိုခံ လူငယ်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။
ဖမ်းဆီးခံရသည့် လူငယ်မှာ အသက် ၂၀ ဝန်းကျင်သာရှိသေးပြီး ဖုန်းထဲမှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဓာတ်ပုံများ နှင့် Kpay ငွေ ၈ သိန်းကျော်တွေ့ရှိခဲ့ခြင်းကြောင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တီဂျစ်ဂိတ်မှာ စစ်ဆေးတုန်း စစ်ရှောင်ပုံတွေနဲ့၊ Kpayထဲ ပိုက်ဆံ ၈သိန်းကျော်တွေ့ပြီး ငွေညစ်ချင်လို အဖမ်းခံရတာ။ အမူရင်ဆိုင်ရပြီး စက်တင်ဘာလ ၂၉မှာ ထောင်ဆယ်နှစ်ချလိုက်တာသိရပါတယ်” ဟု မိုးဗြဲမြို့ခံအမျိုးသမီတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်များမှာ ကရင်နီပြည်သူလူထုအပေါ် ဖမ်းဆီးငွေညှစ်မှုများလုပ်ဆောင်နေပြီး ငွေကြေးမတက်နိုင်ပါက ထောင်ကျသည်အထိ အရေးယူလေ့ရှိကြောင်း လွိုင်ကော်မြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူအချို့က ဆိုသည်။
ကရင်နီပြည်၊ လွိုင်ကော်မြို့မှ ရန်ကုန်၊ မန္တလေးသို့သွားရာလမ်းမကြီးပေါ်တွင်တည်ရှိသည့် တီဂျစ်စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်နှင့် PNO ပူးပေါင်းအဖွဲ့များက အစစ်အဆေးကြမ်းသည့် စစ်ဆေးရေးဂိတ်တစ်ခုဖြစ်ပြီး ကယန်းလူမျိုးများအား ပစ်မှတ်ထားစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။
” တီကျစ်ဂိတ်မှာစကစနဲ့PNOပေါင်းပြီး ဂိတ်ရှိပါတယ် အဲသည်ဂိတ် ဖုန်းနဲ့လူ အရမ်းစစ်ဆေးပါတယ်။ အဓိက ဖယ်ခုံ မိုးဗြဲ ကရင်နီ လူတွေဆို အစစ်ဆေးကြမ်းတယ်။ ဖျက်ထားတဲ့ပုံတွေလည်း ဆော့ဝဲနဲ့စစ်ဆေးတယ်။ ပုံတွေပြန်ပေါ်လာပြီ အဖမ်းခံရတဲ့ လူငယ်တွေလည်း အများကြီးရှိနေပြီး
သတိပေးထားတဲ့ကြားထဲကဖမ်းခံထိပြန်ပြီ” ဟု ခရီးသွားပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်တင်ဘာလ ၃၀ ရက်နေ့ကလည်း အသက် ၂၀ ဝန်းကျင် လွိုင်ကော်မြို့ခံ မိန်းကလေး ၂ ဦးအား အဆိုပါ တီကျစ်ဂိတ်ကပင် ဖုန်းများစစ်၍ ဖမ်းဆီးခံရကြောင်းသိရသည်။
အဆိုပါမိန်းကလေး ၂ ဦးမှာ စင်္ကာပူနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့သို့ သွားရောက်စဥ် တီကျစ်ဂိတ်၌ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ယနေ့အချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိကြောင်း လွိုင်ကော်မြို့ခံများထံမှ သိရသည်။ယ
#မိုးဗြဲ #တီကျစ်ဂိတ် #ဖမ်းဆီး #စစ်ကောင်စီ #ထောင်ဒဏ်
#Ayeyarwaddy_Times