အဖွဲ့ဝင်အချို့ ဖမ်းဆီးထိန်းသိမ်းခံထားရတာကြောင့် ပုသိမ်မြို့အခြေစိုက် လူငယ်များသမဂ္ဂကို ဖျက်သိမ်းကြောင်းကြော်ငြာ

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့အခြေစိုက် လူငယ်များသမဂ္ဂ ( Youths Union – Pathein)ကို အောက်တိုဘာလ ၂ ရက်နေ့တွင် ဖျက်သိမ်းလိုက်ကြောင်း အဆိုပါအဖွဲ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးကြေငြာလိုက်ပါတယ်။

အဆိုပါအဖွဲ့ရဲ့ ဗဟိုအဖွဲ့ဝင်တချို့ ဖမ်းဆီးခံခဲ့ရပြီးနောက် ရပ်တည်ရန်ခက်ခဲလာသဖြင့် အပြီးတိုင်ဖျက်သိမ်းလိုရတာလို့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

“ပြီးခဲ့တဲ့ ၇ ရက်လောက်က ရန်ကုန်မှာ

ဗဟို လူငယ်များသမဂ္ဂက လူ ၆ ယောက်အဖမ်းခံလိုက်ရတယ်။ လက်ရှိ ၄ ဦးကို ရေကြည်အိုင်စစ်ကြောရေးမှာရောက်နေတယ်။ ကျန်တဲ့ ၂ ဦးကတော့ရဲစခန်းမှာဖမ်းထားတယ်။ ဗဟိုလူငယ်တွေ အဖမ်းခံလိုက်ရတော့ ပုသိမ်အဖွဲ့လည်းဖျက်သိမ်းလိုက်တာ”လို့ လူငယ်များသမဂ္ဂပုသိမ်အဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

လူငယ်များသမဂ္ဂ (ပုသိမ်)အနေဖြင့် “ဖျက်သိမ်းသည့်နေ့မှစ၍ မည်သည့်လှုပ်ရှားမှုများတွင် ပါဝင်တော့မည် မဟုတ်ကြောင်းနဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော် လှန်ရေးနှင့် ပတ်သတ်သည့်အရာများကို အဖက်ဖက်မှ ပါဝင်နေသည့် အဖွဲ့အစည်းဖြစ်ပြီး ယခုကဲ့သို့ရပ်နားရခြင်းအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး ပြည်သူလူထုအား

အနူးအညွတ်တောင်းပန်အပ်ပါသည်”လို့ ထုတ်ပြန်ချက်၌ ဖော်ပြပါရှိပါတယ်။

ပုသိမ်မြို့အခြေစိုက် လူငယ်များသမဂ္ဂမှာ စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပြီး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုများအား လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် စဥ်ဆက်မပြတ်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

#အဖွဲ့ဝင် #ဖမ်းဆီးထိန်းသိမ်း #လူငယ်များသမဂ္ဂ #ဖျက်သိမ်း

#Ayeyarwaddy_Times