ရွေးကောက်ပွဲအနိုင်မရတာ၊ ပါတီဝင်တွေသတ်ဖြတ်ခံနေရတာ၊ ကျန်းမာရေးမကောင်းတာရယ်ကြောင့် ပါတီဥက္ကဌတာဝန်ကနားတာလို့ ဦးသန်းဌေးပြော

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌတာဝန်မှ တရားဝင်ရပ်နားကြောင်း ပါတီဥက္ကဌ ဦးသန်းဌေးက ယနေ့ကျင်းပပြုလုပ်သည့် ကြံ့ခိုင်ရေး ပါတီညီလာခံတွင် တရားဝင်ပြောဆိုခဲ့ကြောင်း ပါတီအသိုင်းအဝိုင်းထံကသိရသည်။

နေပြည်တော်ကြံ့ခိုင်ရေးပါတီဌာနချုပ်တွင်ပြုလုပ်သည့် တတိယအကြိမ် ပါတီညီလာခံအဖွင့်မိန့်ခွန်းတွင် ၎င်းကိုဝေဖန်မှုများကြောင့် ပါတီကိုစွန့်ခွာခြင်းမဟုတ်ဘဲ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရှိအောင်မစွမ်းဆောင်နိုင်ခြင်းနှင့် ကျန်းမာရေးအရဖြစ် ကြောင်း ပြောဆိုခဲ့သည်။

၎င်းက”ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရအောင်မလုပ်နိုင်ခဲ့တာရယ်၊ ကျန်းမာရေးကြောင့်ရယ် ပြီးတော့ မြို့နယ်နဲ့တိုင်းဒေသကြီးအသီးသီးက ပါတီဝင်တွေ သတ်ဖြတ်ခံရတာတွေကို ကျွန်တော့်ဘက်က ဘာမှ လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ခုလိုနုတ်ထွက် ရခြင်းဖြစ်ပါတယ်”ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိကျင်းပနေသည့် ညီလာခံနှင့်ပါတီဥက္ကဌပြန်ရွေး ချယ်ပွဲတွင်လည်း ဦးသန်းဌေးအနေဖြင့်ပြန်လည်ရွေးချယ်ခံတော့မည်မဟုတ်ဘဲ ​အပြီးတိုင်အနားယူမည်ဖြစ်ကြောင်းသိရသည်။

USDP ပါတီဥက္ကဋ္ဌဦးသန်းဌေးသည် ပါတီရန်ပုံငွေများကို အလွဲသုံးစားပြုလုပ်ခြင်း၊ တစ်ဦးတည်း သဘောဖြင့် ပါတီစည်းမျဥ်းများပြောင်းလဲမှုများ ပြုလုပ်ခဲ့ကြောင်း ဝေဖန်သံများထွက်ပေါ်ပြီးနောက် ဥက္ကဋ္ဌရာထူးမှ ရပ်နားတော့မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ဒုဥက္ကဋ္ဌ ဦးခင်ရီမှ လက်ရှိတွင် ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည်။

ဦးခင်ရီသည် ယခင်က ရဲချုပ်ဟောင်းဖြစ်သလို ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လဝကဝန်ကြီး အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး သြဂုတ်လ ၁၉ ရက်နေ့က အဆိုပါလဝကဝန် ကြီးတာဝန်မှအနားပေးခံရကာ ကြံ့ခိုင်ရေးပါတီသို့ပြန် လည်ရောက်ရှိလာခဲ့ပြီး စက်တင်ဘာလ တတိယအပတ်အတွင်းက

ကြံ့ခိုင်ရေးပါတီယာယီဥက္ကဌဖြစ်လာခဲ့ခြင်းဖြစ်သည်။

#AyeyarwaddyTimes