ကနီတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်းသေဆုံး (ရုပ်/သံ)

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကမ်းပြိုရွာအနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းဆန်တက်လာသည့် ၁၃ စီးပါ စစ်ကောင်စီရေယာဉ်အုပ်စုအား အောက်တိုဘာလ ၃ ရက် နေ့လည် ၃ နာရီဝန်းကျင်တွင် ဒေါင်းလုလင်-LPDFအဖွဲ့နှင့်မဟာမိတ်အဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ချင်းတွင်းမြစ်အထက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများသို့ ထောက်ပို့လာသော စစ်သ‌င်္ဘောတစ်စီးအပါဝင်စုစုပေါင်းရေယာဉ် ၁၃ စီးအား ဒေါင်းလုလင်အဖွဲ့နှင့်မဟာမိတ်များမှ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ရေယာဉ်တစ်စီးမီးလောင်ပျက်စီးပြီး တပ်သား ၁၅ ဦးဝန်းကျင် သေဆုံးဒဏ်ရာရခဲ့ကြောင်း LPDF ထံကသိရသည်။

” သူတို့တွေကမော်လိုက်ဘက်ကို‌ေထာက်ပို့လာတယ်လို့ယူဆရတယ်၊ ကျွန်တော်တို့ဘက်က ကနီနဲ့ယင်းမာပင် မဟာမိတ်တွေပေါင်းပီးတိုက်တာ၊ စနိုက်ပါနဲ့ပစ်တယ်၊လက်နက်ကြီးပစ်တယ်၊ သူတို့ဘက်ကစကားပြောစက်ရေဒီယိုလှိုင်းကို ဖမ်းမိတော့ကြားရတဲ့စကားတွေအရ ၁၅ ယောက်ဝန်းကျင်ကျတယ်လို့သိရတယ်။” ဟု ဒေါင်းလုလင်-LPDF တာဝန်ရှိသူမှ

ဧရာဝတီတိုင်းမ်ကိုပြောသည်။

အပြန်အလှန်ပစ်ခတ်မှုများကြောင့် ဒေါင်းလုလင်အဖွဲ့မှရဲဘော်တဦးဒဏ်ရာရရှိခဲ့ပြီး မဟာမိတ်အဖွဲ့များမှရဲဘော် ၃ ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒေါင်းလုလင်အဖွဲ့နှင့်ပူးပေါင်းတပ်ဖွဲ့များသည် စက်တင်ဘာလ ၂၆ ရက်တွင်လည်း ယင်းမာပင် ဘန့်ဘွေးရွာအခြေစိုက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

#Ayeyarwaddy_Times