ပုသိမ်တွင် Mytel ရုံးဗုံးပေါက်ကွဲမှု လူငယ် ၃ ဦးဖမ်းဆီးခံရ

ဧရာ၀တီတိုင်းမ်

အောက်တိုဘာလ ၄ ရက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ အောက်တိုဘာလ ၂ ရက်နေ့ညပိုင်းက စစ်အုပ်စုပိုင် Mytel ရုံး ဗုံးပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လူငယ် ၃ ဦးစွပ်စွဲဖမ်းဆီးခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမှတ် ၂ ရပ်ကွက် အမှတ် ၁ ဘောတံတားဝန်းမျက်နှာစာမှာရှိတဲ့ Mytel ရုံး ဗုံးဖောက်ခွဲမှုကို ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့နဲ့ ကန်ကြီးထောင့် ပကဖ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားပြီး ဖမ်းဆီးခံရတဲ့သူတွေက မဆိုင်တဲ့လူငယ်တွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ညကဖြစ်စဉ်ကြောင့် လောလောဆယ်ဖမ်းထားတာ ၃ ဦးလောက်ရှိမယ် ၂ ဦးက ဗုံးပေါက်တဲ့ အရက်ဆိုင်နားက ဆိုင်ပိတ်တာမပြန်ဘဲ ဆက်သောက်နေလို့ အဖမ်းခံရတာ နောက်တဦးကတော့ အမှတ် ၆ ရပ်ကွက်က”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

Mytel ရုံးကို ဖောက်ခွဲတာ တော်လှန်ရေးအင်အားစုတွေဖြစ်တယ်လို့ သတင်းတွေထုတ်ပြန်ထာားပေမယ့် စစ်ကောင်စီလက်အောက်ခံတပ်သားတွေက လူငယ်တွေကို လိုက်လံစွပ်စွဲဖမ်းဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

စစ်အုပ်စုပိုင် Mytel ရုံးဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သူမရှိပေမယ့် ရုံးရှေ့မှန်တွေပျက်စီးခဲ့လို့ အနားမှာရှိတဲ့ ဘဏ်နဲ့ စားသောက်ဆိုင်က CCTV မှတ်တမ်းတွေကို စစ်အုပ်စုက သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#ပုသိမ် #Mytel #လူငယ် #စွပ်စွဲ

#Ayeyarwaddy_Times