ခေါဇာမြို့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တပ်‌ရေးဗိုလ်ကြီးအပါအဝင် ၃ ဦးသေဆုံးပြီး MSDF – S မှ ၂ ဦးကျဆုံး

ဧရာဝတီတိုင်းမ်

(ရေး)၊ အောက်တိုဘာလ ၄ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် ယမန်နေ့ အောက်တိုဘာလ ၃ ရက် ညနေ ၅ နာရီဝန်းကျင်တွင် မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းအဖွဲ့(MSDF – S)နှင့် စစ်ကောင်စီ ခလရ-၃၁ တပ်ရင်းတို့ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ဆင်ရေးလုပ်ရန်လာသော MSDF-Sအဖွဲ့ နှင့် စစ်ကောင်စီ၏ ခလရ – ၃၁ တပ်ရင်းတို့ ခေါဇာမြို့တွင်းတွင် ၂၅ မိနစ်ကျော်ကြာ ထိပ်တိုက်တွေ့ဆုံတိုက်ပွဲဖြစ်ကြရာ စစ်ကောင်စီဘက်မှ ၃ ဦးသေဆုံးပြီး MSDF-Sမှ ရဲဘော်၂ ဦးကျဆုံးခဲ့ကြောင်း MSDF-S က သတင်းထုတ်ပြန်ထားသည်။

“ကျွန်တော်တို့အဖွဲ့ကခေါဇာမြို့ထဲကို စစ်ဆင်ရေးလုပ်ဖို့ဝင်သွားတယ်၊ အဲ့အချိန်မှာဘဲ ခလရ-၃၁ကကားတစ်စီးက ရေးဘက်ကနေပြန်လာတာ။ ထိပ်တိုက်တွေ့တာလမ်းမှာ၊ အဲ့မှာတိုက်ပွဲဖြစ်ကြတယ်၊ အပြန်အလှန်ပစ်ရင်း ကျွန်တော်တို့ ရဲဘော်၂ဦး အသက်ပေးလှူခဲ့ရတယ်၊ အင်အားကလည်းမမျှတော့ ပြန်ဆုတ်ခဲ့ရတယ်” ဟု MSDF-S မှ တာဝန်ရှိသူက

ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ခလရ-၃၁ဘက်မှတပ်စိတ်တစ်စိတ်စာ ဝန်းကျင်အားဦးဆောင်ခဲ့သော တပ်ရေးဗိုလ်ကြီးအပါအဝင် အနည်းဆုံးတပ်သား၂ ဦးသေဆုံးခဲ့သည်ဟု သိရှိရသည်။

မွန်ပြည်ကာကွယ်ရေးတပ်-တောင်ပိုင်းသည် စက်တင်ဘာလ ၁ ရက်နေ့ကလည်း ခေါဇာမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သေးကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

#ခေါဇာ #စစ်​ကောင်စီ #သေဆုံး #MSDF-S #ကျဆုံး

#Ayeyarwaddy_Times