
ဘိုကလေးတွင် အမျိုးသား ၁ ဦး၏ ဆိုင်ကယ်နှင့် ငွေ ၃ သိန်းအား ရိုက်နှက်လုယက်ခံရ
ဧရာဝတီတိုင်းမ်အောက်တိုဘာလ ၃ ရက်
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ အောက်တိုဘာလ ၂ ရက်နေ့က အမျိုးသား ၁ ဦး ဆိုင်ကယ်မောင်းလာချိန်မှာ ဝိုင်းရိုက်နှက်ခံရပြီး ဆိုင်ကယ်နဲ့ ငွေ ၃ သိန်း လုယက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဘိုက လေးမြို့ကနေ ကဒုံကနိသွားတဲ့ကားလမ်းအတိုင်းမောင်းနှင်လာတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားတဦးနဲ့ ကလေး ၂ ဦးပါလာတဲ့ ဆိုင်ကယ်ကို အမည်မသိ အမျိုးသား ၅ ဦးက မီးသွေးချောင်းတံတားနားမှာ ဝိုင်းရိုက်နှက်ပြီး ဆိုင်ကယ်နဲ့ ငွေ ၃ သိန်း လုယူသွားတာလို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။
” ဆိုင်ကယ်မှောက်တဲ့အချိန်ဝိုင်းရိုက်ပြီး လုသွားတာ တရားခံတွေတော့ ခုထိမမိသေးဘူး ဆိုင်ကယ်၊ ကီးပတ်ဖုန်းနဲ့ ငွေ ၃ သိန်း ပါသွားတယ်”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်တဲ့သူ တဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဆိုင်ကယ်မောင်းလာချိန်မှာ ဆိုင်ကယ်ရှေ့ဘီးထဲကို ဂလန့်ထိုးပြီး ဆိုင်ကယ်မှောက်တော့မှ လူကိုဝိုင်းရိုက်ကာ ဓားတွေ တုတ်တွေနဲ့ ဝိုင်းရိုက်နှက်ထိုးခုတ်ပြီး လုယက်သွားတာလို့ ဆိုပါတယ်။
ဖြစ်စဥ်နဲ့ ပတ်သက်ပြီး ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၉၇ နဲ့အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူတွေကို ဖမ်းမိရေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#ဘိုကလေး #အမျိုးသား #ဆိုင်ကယ် #ငွေသုံးသိန်း #ရိုက်နှက်လုယက်ခံရ
#Ayeyarwaddy_Times