ဒလမြို့နယ်ကို အသစ်ရောက်လာတဲ့စစ်တပ်အရာရှိက ပျူလူမိုက်တွေကိုဒူးထောက်ခိုင်း၊ရိုက်နှက်ပြီး ပေးထားတဲ့ လက်နက်တွေ ပြန်သိမ်းသွား

ဧရာဝတီတိုင်းမ်

အောက်တိုဘာလ ၃ ရက်

ရန်ကုန်တိုင်း၊ ဒလမြို့နယ်၊ ကျန်စစ်သားရပ်ကွက်၌ ယမန်နေ့ အောက်တိုဘာလ ၂ ရက်နေ့ ညပိုင်းအချိန်က စစ်ကောင်စီတပ်က အရာရှိအပါဝင် စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး မြို့ခံ လူမိုက်များအား ပေးထားသည့် လက်နက်များကို ပြန်လည်သိမ်းယူသွားကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရှိရ သည်။

ယမန်နေ့ ညနေ ၆ နာရီမှစတင်၍ ဒလမြို့နယ်ရှိ ကျန်စစ်သားရပ်ကွက်ကို ဧည့်စာရင်းစစ်ကာ အိမ်တိုင်းကို ပိုက်စိပ်တိုက်ရှာဖွေမှုများ ပြုလုပ်ခဲ့ကြပြီး ရပ်ကွက်တွင်းကို အဝင်အထွက်မရှိပိတ်ဆို့ကာ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါစစ်ကောင်စီတပ်အရာရှိသည် အသစ်ရောက်ရှိလာသည့် အရာရှိဟုသိရပြီး ယခင်ဒလမြို့စစ်ကောင်စီတပ်က လက်နက်ပေးထားသော်လည်း ၄င်းရောက်ရှိချိန်တွင်ပြန်လည်သိမ်းဆည်းသွားသည့်အပြင် ဒူးထောက်ခိုင်းပြီးရိုက်နှက်သွားသည်ဟု ဒေသခံတဦးကပြောသည်။

” ဒလ မှာ ဒလန်တွေတောက်လျှောက်အသတ်ခံရတော့ သူတို့(လူမိုက်)တွေကို တပ်ကလက်နက်ထုတ်ပေးထားတာ။ ပြည်သူ့စစ်ဆိုပြီးပျူတွေဖွဲ့တော့သူတို့တွေလည်းပါတာပေါ့။ အဲ့တာကြောင့်ထုတ်ပေးထားတာ။ စစ်ဆေးနေတဲ့ထဲက အရာရှိနဲ့တူတဲ့တစ်ယောက်က လူမိုက်တွေကို ဒူးထောက်ထိုင်ခိုင်းပြီးတော့ မင်းတို့တွေကြောင့် ငါတို့တွေပိုအမုန်းခံနေရတာဆိုပြီး

ပြောတယ်။ ရိုက်လည်းရိုက်သွားတယ်။ သူ့လူတွေကို လည်း လှည့်ပြောတယ်။ သူရှင်းနိုင်တာကို ရှင်းမယ်၊ လူမိုက်တွေကို သေနတ်ပေးစရာမလိုဘူးဆိုပြီး ပြောသွားတယ်။ သူက ရောက်တာမကြာသေးလို့ပြောတယ် “ဟု ရပ်ကွက်နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ကျန်စစ်သားရပ်ကွက်အတွင်းရှိ လူမိုက်များကို စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များမှ လက်နက်များ ပေးထားပြီးချိန်မှစ၍ ရပ်ကွက်အတွင်းရမ်းကားမှုများပြုလုပ်လျက်ရှိကြောင်း ၎င်းမှဆက်လက်ပြော သည်။

လွန်ခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့ကလည်း ညနေ ၆ နာရီဝန်းကျင်တွင် မဘသနဲ့တပ်ထောက်ခံပွဲတွေ နေ့စားလိုက်နေတဲ့ တပ်သတင်းပေးဟုဆိုသူလူမိုက် ၂ ဦးသေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံကသိရသည်။

ဓာတ်ပုံ – အာဏာသိမ်းပြီးခါစ ၂၀၂၁ ခုနှစ် မတ်လအတွင်း ဒလမြို့နယ်လူမိုက်များမှ ဆန္ဒပြအင်အားစုများအားဖြိုခွင်းရန် ရန်ကုန်ဘူတာကြီးဝန်းအနီးစုဝေးနေစဥ်။

#AyeyarwaddyTimes