ကိုကိုလေး/ဧရာဝတီတိုင်းမ်
ကျောင်းကုန်း၊ ဇူလိုင်လ ၂ ရက်

ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်၊ဝက်ချောင်းတိုက်နယ် ဆရာဝန်ကြီးနေအိမ်ကို ဇွန်လ ၃၀ ရက်နေ့ ညက ပစ္စည်းအချို့နဲ့ငွေများ ဖောက်ထွင်းခိုးယူခံလိုက်ရပြီး ပိုက်ဆံအိတ်အခွံကို ဝန်ထမ်းလိုင်းခန်းရှေ့မှာ တွေ့ရှိရတယ်လို့ ဒေသခံများထံကသိရပါတယ်။

“သူခိုးက ဆလင်းဘက်ပိုက်ဆံအိတ်ကို ဝန်ထမ်းလိုင်းခန်းအဝင်ပေါက်တွင်ချိပ်ထားတာတွေ့တယ် အထဲကပိုက်ဆံကိုထုတ်ယူသွားတာ။ပိုက်ဆံက ၂ သိန်းကျော်ပါတယ် ဝန်ထမ်းတွေခိုးတဲ့ပုံစံမျိုး လုပ်ခဲ့တာပေါ့။ဖုန်းအသစ်တလုံးလဲပါသွားတယ်။လူအသက်အန္တရယ်မပြုတာပဲ တော်သေးတယ် အခုက အနယ်နယ်အရပ်ရပ် သူခိုးတွေက ပိုဆိုးလာတယ်” လို့ ကျောင်းကုန်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ထို့ပြင် ဇွန်လ ၃၀ ရက်နေ့ တစ်ညတည်း၌ပင် ဝက်ချောင်းတိုက်နယ်ကျေးရွာအတွင်ရှိ နေအိမ်များမှ ဖုန်း ၄ လုံးဝန်ကျင် ထပ်မံခိုးယူခံရတယ်လို့ ဝက်ချောင်းတိုက်နယ် ဒေသခံတဦးက ဆိုပါတယ်။

အဆိုပါ ဝက်ချောင်းတိုက်နယ် ဆရာဝန်ကြီးရဲ့ နေအိမ်ဖောက်ထွင်းခိုးယူခံရမှုနဲ့ ပတ်သက်ပြီး ကျောင်းကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားထားတယ်လို့ လဲ ဒေသခံများပြောပြချက်အရ သိရပါတယ်။

အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ဧရာဝတီတိုင်း အတွင်းရှိ မြို့ကြီးများ ဖြစ်ကြသည့် ပုသိမ်၊ မအူပင်၊ ဖျာပုံနှင့် ဘိုကလေး၊ အိမ်မဲ၊ ကျောင်းကုန်း၊ ရေကြည် မြို့များတွင် ဆိုင်ကယ်နှင့် အဖိုးတန် ပစ္စည်းများ ခိုးယူခံရမှုများ နေ့စဥ်ဖြစ်ပွားနေပြီး ဇွန်လအတွင်းမှာ သူခိုးများဟာ ပိုမိုရဲတင်းလာတယ်လို့ ဒေသခံများထံက သိရပါတယ်။