ဗီအာတီ၊ ဧရာဝတီတိုင်းမ်
မင်းတပ်၊ ဇူလိုင် ၂
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ ချပ်ကျေးရွာ အနီးတစ်ဝိုက်သို့ စစ်ကောင်စီတပ်များက စစ်လေယာဉ် ၂ စီးဖြင့် ယနေ့မနက် ၁၁ နာရီအချိန်ဝန်းကျင်က ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ချပ်ကျေးရွာရှိ နှစ်ခြင်း ဘုရားကျောင်းနှင့် စာသင်ကျောင်းတို့ ထိမှန်ခဲ့ပြီး ပြည်သူနှစ်ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိကြောင်း မင်းတပ်မြို့၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
“စစ်လေယာဉ် ၂ စီးနဲ့ အလစ်အငိုက် ဗုံးကျဲသွားတာ။ ချပ်ကျေးရွာက ဘုရားကျောင်းနှင့် စာသင်ကျောင်းကို ထိမှန်သွားတဲ့အတွက် ပြည်သူ ၂ ဦး သေဆုံးတယ်၊ ဒဏ်ရာရသူ အရေအတွက် အတိအကျ မသိရသေးဘူး။ ပြည်သူတွေ ကြောက်လန့်ပြီးတော့ တောတောင်တွေထဲမှာ ထွက်ပြေး တိမ်းရှောင်နေရတယ်”ဟု ဒေသခံ တဦးက ဧရာဝတီတိုင်မ်းကို ပြောသည်။
ယခုလေကြောင်း တိုက်ခိုက်မှုတွင် အချက်ပေါင်း ၁၁ ချက်အထိ ပစ်ချခဲ့တာကြောင့် အပြစ်မဲ့ ပြည်သူ သေဆုံးနိုင်မှုလည်း တိုးနိုင်ကြောင်း ဒေသခံများက ပြောကြားထားပြီး ထွက်ပြေးနေကြသည့်အတွက် စာရင်းအတိအကျ ကောက်ယူနိုင်ရန် ခက်ခဲနေသေးသည်။
မင်းတပ်မြို့တွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ တပ်ရင်း ၂၇၄ ဘက်မှလည်း လက်နက်ကြီးများကို နေ့စဉ် ရမ်းသမ်းပစ်ခတ်နေပြီး လက်နက်ကြီးကျည်ဆံများက ပြည်သူအများနေထိုင်သော ကျေးရွာများကို ကျရောက်ပေါက်ကွဲသည့်အတွက် အပြစ်မဲ့ ပြည်သူများ သေဆုံးနေကြရသည်။